Pages

Sunday, June 23, 2013

ဖြူးဆေးရုံတွင် လူနာရှင်၏အဘွားကို ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်

Sunday, June 23, 2013

တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် သွေးအားနည်းရောဂါဖြင့် တက်ရောက် ကုသခဲ့သော ခုနစ်နှစ်အရွယ် လူနာဖြစ်သူ၏ အဘွားကို ဖြူးမြို့နယ် ဆေးရုံ အုပ်ကြီး ဒေါတ်တာဇော်လွင်က ဝတ္တရား နှောင့်ယှက်မှုဖြင့် ဖြူးမြို့နယ်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီ တွင် သွေးပေါင်ကျ သွေးအားနည်းရောဂါကြောင့် ဖြူးဆေးရုံသို့ တက်ရောက် ကုသခဲ့သူ မနှင်းပွင့်ဖြူ (ခုနစ်နှစ်) ကို ဖြူးဆေးရုံ ကလေးအထူးကုဆရာဝန် ဒေါက်တာ မြင့်မြင့်လွင်နှင့် တာဝန်ကျဝန်ထမ်းများက လိုအပ်သော ဆေးကုသမှုများ ပြုလုပ်ပေးပြီး ကလေးအား သွေးသွင်းရန်လိုသဖြင့် သွေးသွင်း ကုသရန်၊ သွေးကို အချိန်မီမသွင်းနိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပြောပြခဲ့သည်ဟု ဖြူးမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က The Voice သို့ ပြောကြားသည်။

သို့သော် ကလေးမိဘများက ဆေးရုံ တာဝန်ကျဆရာမ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ လူနာကို မိမိသဘောဖြင့် ဆေးရုံမှဆင်းသွားသည့် အပြင် ဇွန်လ ၂၀ ရက် နေ့လယ် ၁၂ နာရီ ခန့်တွင် ဆေးရုံသို့ လူနာ၏အဘွားဆိုသူ ဒေါ်နုနုဝင်းက ပြန်လည်ရောက်ရှိလာပြီး ရိုင်းပျစွာပြောဆို၍ ပြည်သူ့ဝန်ထမ်းတစ်ဦး ၏ အလုပ်တာဝန်ကို နှောင့်ယှက်ခဲ့သဖြင့် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်သည်ဟု ယင်းက ဆက်လက်ပြောကြားသည်။

ကလေးကို ဆေးရုံတင်ချိန်တွင် တာဝန်ကျ ဆရာမက ကလေးကို သွေးမသွင်းလျှင် သေမည်ဟု ပြောဆိုသဖြင့် ပိုက်ဆံ ၁၅၀၀ ရှာပေးပြီးနောက် ထပ်မံလိုအပ်ပါက ပြောရန် ပြောဆိုသည်ကို တောသားတွေ နားမလည်ဘူးလားဟု ရိုင်းပျစွာပြောဆိုပြီး ကလေးကို ဆေးရုံတွင် လက်မခံနိုင် ကြောင်း တာဝန်ကျသူနာပြုက ပြောသဖြင့် ပြင်ပတွင် သွားရောက်ကုသခဲ့ခြင်းသာ ဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားခံရသူ ဒေါ်နုနုဝင်းက ပြောကြားသည်။

"ကလေးက ဆေးရုံက ပြန်ဆင်းပြီး နှစ်နာရီလောက်ကျတော့ ပြန်ကောင်းသွားတယ်။ ဒါနဲ့ နောက်ရက်ကျတော့ ဆေးရုံကို ပြန်သွားပြီး ကလေးအထူးကု ဆရာဝန်မကို ကလေးနေကောင်းသွားပြီ ဖြစ်ကြောင်း အသိပေးခဲ့တာပါ။ ရိုင်းရိုင်းစိုင်းစိုင်း တစ်ခွန်းမှ မပြောခဲ့ပါဘူး" ဟု ၄င်းကဆက်လက် ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဖြူး မြို့နယ် ရဲတပ်ဖွဲ့စခန်းက ဒေါ်နုနုဝင်း ၄၀နှစ်၊ မြို့မအနောက်ရပ်ကွက် (၄) လမ်းနေသူကို ပ-၂၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၅၃ (တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်မှု) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment