Pages

Sunday, June 23, 2013

၇ ဇူလိုင် အထိမ်းအမှတ် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၂၂

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှု (၅၁) နှစ်ပြည့် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မန္တလေး) က ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဗကသ ဗဟိုလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေက The Voice သို့ပြောကြားသည်။ ကျောင်းသား သမဂ္ဂများ၏ တရားဝင် ရပ်တည်မှု အဆင့်အတန်းတို့ ရိုက်ချိုးခံခဲ့ခြင်း၊ သမဂ္ဂအဆောက်အအုံ ဖောက်ခွဲမှုတွင် ကျဆုံးသွားသော ကျောင်းသားများကို ဂုဏ်ပြုခြင်းနှင့် ၁၉၆၁ ခုနှစ် ကျောင်းသားညီလာခံ ကဲ့သို့သော ညီလာခံမျိုး ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယမန်နှစ်က အဆိုပါ အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များက ဗကသအဖွဲ့ဝင် အချို့ကို ခေါ်ယူထိန်းသိမ်း ထားခဲ့ခြင်းကြောင့် ယခုနှစ်တွင်လည်း ထိုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“၆ ရက်နေ့ ညမှာ အဖွဲ့ဝင် တချို့ကို ခေါ်သွားတယ်၊ ၇ ရက်နေ့ ညနေလောက်မှပဲ ပြန်လွှတ်လိုက်တယ် အခမ်းအနား မကျင်းပဖြစ်အောင်လို့ပါ” ဟု ၎င်းကပြောသည်။

နံနက် ၆ နာရီခန့်မှ စတင်ကာ ဘုန်းကြီးဆွမ်းကပ်ခြင်း၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စကားနိုင်လုပွဲစသည့် အစီအစဉ်များ ကျင်းပသွားမည် ဖြစ်ကြောင်း၊ အခမ်းအနားအတွက် နေရာကို စီစဉ်ဆဲဖြစ်ကြောင်း၊ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံ တစ်ဝန်း ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြမည် ဖြစ်သည့်အပြင် နိုင်ငံရေး အဖွဲ့အစည်း အချို့ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

၇ ဇူလိုင် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ရန် ရှိ မရှိ ၈၈ မျိုးဆက် ကျောင်းသားများနှင့် Generation Wave (GW) တို့ထံ The Voice က ဆက်သွယ် မေးမြန်းရာ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးအဖွဲ့မှ ကိုပဏ္ဍိတ်ထွန်းနှင့် GW တို့မှ ကိုဘိုဘို တို့က ၇ ဇူလိုင် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ရန် မရှိကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီက နိုင်ငံအာဏာ သိမ်းယူခဲ့ခြင်းကို တက္ကသိုလ် ကျောင်းသားများက မကျေနပ်သောကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ ကျောင်းသားများ စုရုံးပြီး ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ အခြေအနေကို ဝင်ရောက် ထိန်းသိမ်းသည်ဟူသော အကြောင်းပြချက်ဖြင့် သမဂ္ဂ အဆောက်အအုံကို ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် ကျောင်းသားများ သေကျေ ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
The Voice ,  RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment