Pages

Monday, June 10, 2013

ထားဝယ်စီမံကိန်း ရွာရှစ်ရွာမပြောင်းရန် မြန်မာအစိုးရ သဘောတူ

ထားဝယ်၊ ဇွန် ၉
ဧရိယာစတုရန်းမိုင် ၂၀၀ ကျော်ရှိသော ထားဝယ် စီမံကိန်းဧရိယာအတွင်းရှိ ရွာရှစ်ရွာကို ပြောင်းရမည့်စာရင်းမှ ပယ်ဖျက်ရန် တိုင်းဒေသကြီးအစိုးရ၏ တင်ပြချက်ကို ပြည်ထောင်စုအစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။ ကျေးရွာရှစ်ရွာ ပြောင်းရွှေ့ရမည့် စာရင်းမှ ပယ်ဖျက်ရန် မူအားဖြင့် သဘော တူထားပြီး လာမည့်လ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေးနောက် ပိုင်းတွင် နှစ်ဖက် သဘောတူညီမှုဖြင့် အတည်ပြုနိုင်မည်ဖြစ်ကြောင်း ဦးမြတ်ကိုက ဆိုသည်။

ပယ်ဖျက်ရန် စီစဉ်လျက်ရှိသည့် ကျေးရွာများမှာ ကျခတ္တပင်အင်း၊ သပြေဇောင်း၊ ရလိုင်၊ မင်းဒပ်၊ ပုဂေါဇွန်း၊ သစ်တိုထောင့်၊ ကျောက်ဝှက်ကုန်း၊ ပိန်းရှောင်တို့ ဖြစ်ကြောင်း အစိုးရ၏ အသိပေးချက်ကို ကိုးကား၍ ထားဝယ်ဖွံ့ ဖြိုးတိုးတက်ရေး အသင်း (DDA) ၏ စီမံကိန်းတည်ရှိရာ နဘုလယ်ဒေသ ညှိနှိုင်းရေးမှူး ဦးလေးလွင်က ပြောကြားသည်။

ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များပါဝင်သော ကနဦးစီမံချက် လျာထားမှုအရ စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာ နှစ်ဆယ်ကျော်၊ အိမ်ခြေပေါင်း သုံးထောင်ကျော်နှင့် လူဦးရေသုံးသောင်း ပြောင်းရွှေ့ရ မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မသေချာသည့်လျော်ကြေး၊ ပြန်လည်ပြောင်းရွှေ့ နေရာချထားပေး မည့်နေရာနှင့် လုပ်ကိုင်စားသောက်ရန် ဥယျာဉ်ခြံမြေ မလုံလောက်မှု တို့ကြောင့် ဒေသခံအများစုမှာ မပြောင်းရွှေ့လိုကြကြောင်း ဒေသခံများ က ပြောကြားသည်။

"ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်မှာ ဒေသခံတွေ ဘဝအခြေမပျက်ရတဲ့အတွက် ဝမ်းသာတယ်" ဟု ဦးလေးလွင်က ပြောကြားသည်။

ထိုအတူ စီမံကိန်းဧရိယာ မြောက်ဘက်ရှိ ရွာငယ်တစ်ရွာဖြစ်သော မယင်းကြီးရွာကိုလည်း ပြောင်းရန်မလိုတော့ဟု တိုင်းဒေသကြီးအစိုးရက အသိပေးခဲ့ကြောင်း ဦးလေးလွင်က ဆိုသည်။

မူလ စီမံကိန်းလုပ်ကိုင်ခွင့်ရ ဆောက်လုပ်ရေးကုမ္ပဏီသည် စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ဘဏ္ဍာငွေ အခက်တွေ့ပြီးနောက် ထားဝယ် စီမံကိန်းကို ထိုင်းနှင့် မြန်မာအစိုးရချင်း ပူးပေါင်းလုပ်ကိုင်ရန် သဘောတူ ခဲ့သည်။

စီမံကိန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဂျပန်က စိတ်ဝင်စားသည် ဟု ပြောဆိုနေသော်လည်း လက်တွေ့ကျသော ကတိကဝတ်နှင့် လာရောက် ရင်းနှီးမြှုပ်နှံမည့်အချိန်ကို မသိရသေးပေ။
Dawei Watch ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃
 

0 comments:

Post a Comment