Pages

Monday, June 10, 2013

ဟင်္သာတမြို့ မဲဇလီကုန်းတိုက်နယ်ဆေးရုံတွင် ဗိုက်ခွဲကလေးမွေးပြီး ခွဲစိတ်ခန်းသုံးချုပ်ကြိုးကျန်ခဲ့သည့်ဖြစ်စဉ် စုံစမ်းစစ်ဆေးမည်

ရန်ကုန်၊ ဇွန်-၉
တိုက်နယ်ဆေးရုံတွင် ဗိုက်ခွဲ၍ ကလေးမွေးဖွားခဲ့ပြီး မိခင်ဝမ်းဗိုက်၌ ခွဲစိတ်ခန်းသုံးချုပ်ကြိုးကျန်ခဲ့သည့် ဖြစ်စဉ်ကို အလွတ်သဘော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဟင်္သာတမြို့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောသည်။ ဟင်္သာတမြို့ မဲဇလီကုန်းတိုက်နယ်ဆေးရုံတွင် မေ ၁၆ ရက်က ဒေသခံ ကိုဘုန်းလင်းသူ၏ ဇနီးသည်ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားရာ၌ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သော်လည်း မိခင်ဝမ်းဗိုက်ထဲတွင် ဆေးရုံသုံး ချုပ်ကြိုးကျန်ခဲ့သောကြောင့် ခွဲစိတ်ပေးခဲ့သူ တိုက်နယ်ဆေးရုံအုပ်ကြီးအား အရေးယူပေးရန် ၎င်းကို လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကြည်စိုးကပြောသည်။

“ခွဲစိတ်ကုသရတဲ့ ဖြစ်စဉ်တွေမှာ တာဝန်အရှိဆုံးဆရာဝန်တွေအပြင် ကာယကံရှင်လူနာတွေကပါ ဒဏ်ရာကို ဂရုစိုက်ကုသမှ အန္တရာယ်ကင်းတာပါ။ အလွတ်သဘော စုံစမ်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

မေ ၁၆ ရက်က မဲဇလီကုန်းတိုက်နယ်ဆေးရုံတွင် တစ်ပတ်ခန့်တက်ရောက်ခဲ့ပြီး ဆေးရုံမှဆင်းခဲ့သည့်နောက်ပိုင်း ခွဲစိတ်ထားသည့် ၀မ်းဗိုက်နေရာမှ ဖူးရောင်၍ အောင့်နေသောကြောင့် ခွဲစိတ်ကုသပေးသူ ဆေးရုံအုပ်ကြီးကို ပြန်လည်ပြသခဲ့သော်လည်း မသက်သာခြင်းကြောင့် မဲဇလီကုန်းမြို့နယ်ရှိ ပြင်ပဆရာဝန်တစ်ဦးနှင့် ဟင်္သာတမြို့ပေါ်ရှိ မြင့် မြတ်အထူးကုဆေးရုံသို့ သွားရောက်ကုသခဲ့ရကြောင်း ကိုဘုန်းလင်းသူက ပြောသည်။

“အမျိုးမျိုးကုသပေမယ့် မသက်သာလို့ ဟင်္သာတကနေ ရန်ကုန်ဆေး ရုံကို လာကုရတာပါ။ ခွဲစိတ်ပေးတဲ့ ဆရာဝန်အနေနဲ့ လူနာအပေါ် လုံလောက်တဲ့ တာဝန်ယူမှုမရှိခဲ့လို့ အခုလိုဖြစ်တာပါ” ဟု ကိုဘုန်းလင်းသူကဆိုသည်။

မိခင်ဝမ်းဗိုက်ကို ခွဲစိတ်ရာတွင်သတ်မှတ်ရက်အတွင်း အသားထဲ အရည်ပျော်သွားစေသည့် ဆေးရုံသုံးချုပ်ကြိုးကို အသုံးပြုခဲ့ကြောင်း၊ ယင်းချုပ်ကြိုးသည် ၂၁ ရက်ကြာမှအသားထဲတွင် အရည်ပျော်သွားခြင်းဖြစ်သော်လည်း ၁၀ ရက်အ
ကြာတွင် ပြင်ပဆရာဝန်နှင့် ပြ၍ ပြန်လည်ခွဲစိတ်ခဲ့သောကြောင့် ယခုကဲ့သို့ အခြေအနေဆိုးသွားခြင်း ဖြစ်နိုင်ကြောင်း ခွဲစိတ်ကုသရာတွင် ပါဝင်သော ဆေးရုံအုပ်ကြီးဒေါက်တာ အောင်မြင့်စိုးက ပြောသည်။

“မွေးရမယ့်ရက်ထက် တစ်ပတ်နဲ့နှစ်ရက် စောနေလို့ လိုအပ်ချက်အရ ၀မ်းဗိုက်ကို ခွဲစိတ်မွေးခဲ့ရတာ။ ဆေးရုံတက်နေတဲ့ ခုနစ်ရက်မှာဘာမှ မပြောဘဲ ဆေးရုံမှဆင်းပြီးမှ ပြင်ပဆရာဝန်နဲ့ ပြနေတာ။ ဆေးရုံဘက်ကတော့လူနာအပေါ်လုံလောက်
တဲ့ကုသမှုလုပ်ပေးခဲ့ပါတယ်”ဟု ဒေါက်တာ အောင်မြင့်စိုးက ပြောကြားသည်။

ယခုအခါ လူနာကို မြောက်ဥက္ကလားဆေးရုံကြီးတွင် ခွဲစိတ်ကုသနေပြီး လူနာအခြေအနေမှာ စိုးရိမ်စရာ မရှိတော့သော်လည်း စောင့်ကြည့် နေရဆဲဖြစ်ကြောင်းနှင့် ကလေးမှာကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်။

“အခုရှိနေတဲ့ ပြဿနာကို သက်ဆိုင်ရာဆရာဝန်တွေနဲ့ ပေါင်းပြီး အကြံဉာဏ်ရယူပါ။ အငြင်းပွားဖွယ် ပြဿနာကို စုပေါင်းပြီး ဖြေရှင်းကြပါ။ အရေးကြီးတာက လူနာကျန်းမာရေးကောင်းဖို့ပါ။ ဆရာတို့ကောင်စီကို တင်ပြလာရင်တော့ ဖြစ်စဉ်ကို သေချာလေ့လာပြီး အကောင်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်” ဟု မြန်မာနိုင်ငံဆေးကောင်စီအ လုပ်မှုဆောင်ပါမောက္ခဦးနေ၀င်းက ပြောသည်။

7Day News ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃

0 comments:

Post a Comment