Pages

Monday, June 10, 2013

ပညာရေးညီလာခံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက်ခြင်းမရှိ

ရန်ကုန် ၊ ဇွန် ၉
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြင်ပ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံတွင် ကြိုတင် ဖိတ်ကြားထားသော ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ တက်ရောက်မှု မရှိခဲ့ကြောင်း ညီလာခံစီစဉ်သူ ဒေါက်တာ သိန်းလွင်က The Voice သို့ပြောကြားသည်။ “ငါးရက် ကြိုတင် ဖိတ်ထားတယ်။ ပညာရေး ဒုတိယဝန်ကြီးရော၊ ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး အစီအစဉ်အဖွဲ့ရော ပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးလေ့လာသုံးသပ်ရေးအဖွဲ့မှ လုပ်ငန်းအဖွဲ့ဝင် ဒေါက်တာ မျိုးသိမ်းကြီးကမူ ဖိတ်ကြားစာ မရရှိသေးကြောင်း ညီလာခံမကျင်းပမီ နှစ်ရက် အလိုတွင် The Voice သို့ ပြောကြားသည်။

ယခုလ ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့ တွင် ကျင်းပသော အဆိုပါညီလာခံ တွင် ပြည်သူ့လွှတ်တော် ၊ ပညာရေးမြှင့်တင်မှု ကော်မတီဝင်များ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ဒေသခံ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ ကျောင်းသားသမဂ္ဂများ၊ ပုဂ္ဂလိက ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ ပါဝင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပညာရေးညီလာခံမှ ဆွေးနွေးရရှိသော အမျိုးသားပညာရေး မူဝါဒကို လာမည့်တစ်ပတ်အတွင်း ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ထံ တင်သွင်းသွားမည်ဖြစ်ကြောင်း NLD ပညာရေးကွန်ရက် အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ဆိုသည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကို NLD ပညာရေးကွန်ရက်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ တက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင် ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် စာသင်ကျောင်းများ၊ တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းများနှင့် အခြား ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ ပါဝင် ဖွဲ့စည်းထားသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဦးဆောင် ကျင်းပခဲ့သည်။
The Voice Weekly, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၁၀.၆.၂၀၁၃

0 comments:

Post a Comment