Pages

Saturday, June 22, 2013

မီးခိုးမြူဆိုင်းသည့် ကိစ္စ စင်ကာပူ၏ တုံ့ပြန်ပုံ ကလေးဆန်ကြောင်း အင်ဒိုနီးရှားဝေဖန်

ဂျာကာတာ၊ ဇွန် ၂၂

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် တောမီး လောင်ကျွမ်းခြင်းကြောင့် စင်ကာပူနိုင်ငံတွင် မီးခိုးမြူများ အလွန်အမင်း ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ စင်ကာပူအစိုးရ၏ တုံ့ပြန်ပုံမှာ ကလေးဆန်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြစ်တင် ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှား တောမီးကြောင့် စင်ကာပူ တစ်နိုင်ငံလုံးတွင် မီးခိုးမြူများဖြင့် လွှမ်းခြုံ ထားသကဲ့သို့ ဖြစ်နေပြီး လေထု ညစ်ညမ်းမှုမှာလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အင်ဒိုနီးရှား တောမီးပြဿနာကို တိကျသော တုံ့ပြန်မှု ပြုလုပ်ရန် စင်ကာပူ အစိုးရက အင်ဒိုနီးရှား အစိုးရကို ဖိအားပေးလျက်ရှိရာ ယခု တောမီးလောင်ကျွမ်းသော ဆူမတြားတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသော စင်ကာပူ ကုမ္ပဏီများတွင်လည်း တာဝန်ရှိကြောင်း အင်ဒိုနီးရှားက ပြန်လည် တုံ့ပြန်ခဲ့သည်။

“စင်ကာပူ အနေနဲ့ အခုလို ပူညံပူညံနဲ့ ကလေးလိုမျိုး လုပ်နေဖို့ မသင့်ပါဘူး။ ဒီကိစ္စ ဆိုတာမျိုးက အင်ဒိုနီးရှား အနေနဲ့လည်း ဖြစ်စေချင်တာမှ မဟုတ်တာ။ ဒါက သဘာဝ တရားတစ်ခုပါ”ဟု အင်ဒိုနီးရှား People’s Welfare ဝန်ကြီး Agung Laksono က သတင်းထောက်များကို ပြောကြားသည်။

ထို့ပြင် ယခုကိစ္စနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံမှ ငွေကြေး ထောက်ပံ့ကြေးများ ပေးရာတွင် ငွေပမာဏ နည်းပါးပါက လက်ခံမည် မဟုတ်ဟုလည်း ၎င်းကပြောကြားသည်။

“စင်ကာပူကပေးတဲ့ ထောက်ပံ့ငွေက ဒေါ်လာ ငါးသိန်း၊ တစ်သန်း လောက်နဲ့ကတော့ ကျွန်တော်တို့ မလိုပါဘူး။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်နဲ့ပဲ သုံးစွဲသွားမှာပါ” ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံကျင်းပသော အရေးပေါ် အစည်းအဝေးတွင် အင်ဒိုနီးရှား ဝန်ကြီး Agung Laksono က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသို့ စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ၏ အမှုဆောင် အရာရှိချုပ်လည်း တက်ရောက်သည်။

အင်ဒိုနီးရှား တောမီးကြောင့် စင်ကာပူနိုင်ငံတွင် စံချိန်တင် မီးခိုးမြူများ ဆိုင်းလျက်ရှိပြီး လေထုညစ်ညမ်းမှု ညွှန်ကိန်း ၃၇၁ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

လေထုညစ်ညမ်းမှု ညွှန်ကိန်း ၃၀၀ အထက်ကို အန္တရာယ်ရှိ အဆင့်ဟု သတ်မှတ်ထားပြီး၊ ၄၀၀ နှင့်အထက် ဖြစ်ပါက နာမကျန်း ဖြစ်နေသူများနှင့် သက်ကြီးရွယ်အိုများ အတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အဆင့်ဟု သတ်မှတ်ထားသည်။

“အခုပြဿနာရဲ့ အရင်းအမြစ်ကို အင်ဒိုနီးရှား အနေနဲ့ လျင်လျင်မြန်မြန်နှင့် တိတိကျကျ ကိုင်တွယ် ဖြေရှင်းဖို့ လိုပါတယ်” ဟု စင်ကာပူ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ရေးရာ ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်က ပြောကြားသည်။

စင်ကာပူရှိ စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် ဖွင့်လှစ်ထားသော ဆေးဆိုင်များတွင် နှာခေါင်းစည်း မျက်နှာဖုံးများ ကုန်လျက်ရှိပြီး ဝယ်ယူသူများကို နောက်တစ်ရက် ပစ္စည်းသစ် ရောက်ချိန်တွင် ပြန်လာရန်သာ ပြောကြားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

နေ့စဉ် နံနက်တိုင်း လေ့ကျင့်ခန်း ပြုလုပ်သူများဖြင့် ပြည့်နှက်နေသော ပန်းခြံများတွင် လူပြတ်လျက် ရှိပြီး ရုံးသမား၊ အလုပ်သမားများမှာမူ လုပ်ငန်းခွင်သို့ သွားရောက်ဆဲပင် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly, RangonNewsDaily
kolatt(PBDN): 22.6.2013 

0 comments:

Post a Comment