Pages

Saturday, June 22, 2013

အောင်မင်္ဂလာအဝေးပြေး တိုးချဲ့ ယာဉ်ရပ်နားစခန်းသစ်ဆောက်လုပ်နေပြီ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဟန်မြင့်မိုရ် ကုမ္ပဏီတို့ ပူးပေါင်း၍ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် တိုးချဲ့ ယာဉ်ရပ်နားစခန်းသစ်တစ်ခု တည်ဆောက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန ဒုတိယ ဌာနမှူး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။ အဆိုပါ ယာဉ်ရပ်နားစခန်းသစ်ကို အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းရှိ ပခုက္ကူလမ်းနှင့် မိတ္ထီလာလမ်းကြားရှိ မြေ ၂ ဒသမ ၉၆ ဧက ကျယ်ဝန်းသည့် နေရာတွင် ကျပ်သန်း ၈၀၀ ကျော် အကုန်အကျခံ၍တည်ဆောက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

"ဒီကားကွင်းထဲမှာ တည်ဆောက်တဲ့အတွက် ရပ်နားစခန်းနဲ့ ပတ်သက်သမျှ လုံခြုံရေးအစ ကျန်တဲ့အပိုင်းတွေ အားလုံးကို ကျွန်တော်တို့ စည်ပင် ဝန်ထမ်းတွေကပဲ တာဝန်ယူသွားမှာပါ" ဟု အဆိုပါ တာဝန်ရှိသူ က ဖြည့်စွက် ပြောကြားသည်။

လက်ရှိ လုပ်ငန်းခွင် တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လာ မည့် ဒီဇင်ဘာလအတွင်း အပြီးသတ် တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဟု ဟန်မြင့်မိုရ် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ရဲဟန် က ပြောကြားသည်။

"အရင်က အဲဒီနေရာက ကန်စွန်းခင်းကြီး အဲဒါကို ကျွန်တော်တွေ့တော့ လက်ရှိ ကားကွင်းက ဂိတ်တွေ အများကြီး လိုနေလို့ တိုးချဲ့ ကားကွင်း ဆောက်ဖို့ စည်ပင်နဲ့ အကျိုးတူ ဆောင်ရွက်ဖို့ လျှောက်လိုက် တာပါ" ဟု ၎င်းက ဆိုသည်။

ယင်း ယာဉ်ရပ်နားစခန်းသစ် တည်ဆောက်နိုင်ရန်အတွက် ပြီးခဲ့ သည့် ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် အဆိုပါ ဟန်မြင့်မိုရ် ကုမ္ပဏီတို့ကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ခွင့်ပြုချက် ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

"ဒီမှာ ရပ်ရတာ ကျဉ်းတော့ အဲဒီမှာ ကားသွားထားလို့ရအောင် တစ်ခန်းဝယ်ဖို့ စီစဉ်နေတယ်။ ခရီးသည် အတင်အချကတော့ ဂိတ်ရင်းမှာပဲ လုပ်မှာပါ" ဟု Elite မော်တော်ယာဉ်လိုင်း တာဝန်ခံ ဦးလှမြင့်က ဆိုသည်။

တိုးချဲ့ယာဉ် ရပ်နားစခန်းသစ်တွင် ၂၄ ပေ× ၃၆ ပေရှိ မော်တော်ယာဉ် ဂိတ်၂၀ ခု၊ ၁၂ ပေ × ၃၆ပေ အကျယ်ရှိ ဈေးဆိုင်ခန်းတွဲ ခြောက်ခန်းနှင့် အများသုံး သန့်စင်ခန်းများ ပါဝင်မည်ဖြစ်ပြီး ယင်းမော်တော်ယာဉ်ဂိတ် များနှင့် ဈေးဆိုင်ခန်းများ၏ ဈေးနှုန်းများကိုမူ မသတ်မှတ်ရသေးကြောင်း အဆိုပါ ဟန်မြင့်မိုရ် ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။

ဟိန်းမြတ်စိုး
အိမ်၊ ခြံ၊ မြေ ဂျာနယ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၂.၆.၂၀၁၃

0 comments:

Post a Comment