Pages

Friday, April 5, 2013

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်

ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည်ကို မီဒီယာများမှ သိလိုသည်များ အလွတ် သဘောမေးမြန်းခဲ့ကြပါသည်။ အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က တိုင်းဒေသကြီးသာသနာရေးမှူး အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့ ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ဗလီများဟာ တရားမ၀င် ဗလီများသာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ဘယ်လိုများ အတည်ပြုနိုင်ပါသလဲခင်ဗျာ။

ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ်စလမ်ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။ ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး ခွင့်ပြုပိုင်ခွင့်မရှိပါဘူး၊

ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွင့်ပြုခြင်းကိုသာသနာရေးဌာနက လုပ်ပိုင်ခွင့်မရှိပါဘူး၊လိုအပ်လို့ကျွန်တော်တို့ဌာနကို တင်ပြလာတဲ့အခါ ဌာနရဲ့သဘောထားမှတ်ချက်ကို “သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း ဆောက်လုပ်ပြုပြင်သည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ရန်” လို့သာ ပေးရပါတယ်။
ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်းများနှင့်ပတ်သက်၍လည်း ယခုလိုပဲ သံဃနာယကအဖွဲ့နဲ့သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ဖို့ မှတ်ချက်ပေးရပါတယ်။ 
ခွင့်ပြုခွင့်မရှိလို့ခွင့်ပြုလို့ မရပါဘူး။ဆောက်လုပ်ပြုပြင်ဖို့ လိုအပ်လာရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကိုသာ တင်ပြဆောင်ရွက်ကြရပါတယ်။

ဒါကြောင့် ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာန အနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရခွင့်ပြုထားခြင်းမရှိပါ လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါတယ်။

အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်ဗလီမရှိဆိုတဲ့ အနေအထားမျိုးနဲ့ သတင်း ဖော်ပြလာတာကိုတွေ့ရပါတယ်။ 
ဒီလိုဖ်ာပြချက်ကြောင့်အများကြီးအထင်အမြင်လွဲ မှားစရာဖြစ်လာနိုင်တာကို သတိမမူပဲ မီဒီယာများအနေနဲ့ လိုရာဆွဲကောက်နှုတ်ပြီးသတင်းအဖြစ်သုံးသပ်တင်ပြခြင်းဟာသတင်းကျင့်ဝတ်အပေါ်လိုက်နာမှု အားနည်းတဲ့သဘောဖြစ်တဲ့အပြင်ကျွန်တော်တို့ဌာနဆိုင်ရာတာဝန်ရှိသူများမှာလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အတွက် ဆင်ခြင် သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
 နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့ အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ်ချက်ပေါက်မြောက်အောင် ခြေခြေမြစ်မြစ် မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ှSource: Ko Win Naing
https://www.facebook.com/goldenwinnaing/posts/450631578349044
M-Media, Rangonnewsdaily
RND:5.4.2013

0 comments:

Post a Comment