Pages

Wednesday, March 27, 2013

ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိ ထော်လီကွေ့က ယာဉ်တိုက်မှု စုံစမ်းရ ခက်ခဲနေ

ရန်ကုန်၊ မတ် ၂၇။

ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိထော်လီကွေ့ အနီးတွင်လွန်ခဲ့သော မတ်လ ၁၇ ရက်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့်ကျောင်းသားနှစ်ဦးအား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းအမှုသည်လက်ရှိတွင်စုံစမ်းရ ခက်ခဲနေကြောင်း ယင်းအမှုကို ကိုင်တွယ်သူ အလုံမြို့တပ်ဖွဲ့စု ၂၄ မှ ဒုရဲအုပ် ကိုအောင်မြင့်ထွန်းထံမှ သိရသည်။ “ကားလည်း မပြောနိုင်ဘူး။ နံပါတ်လည်း မပြောနိုင်ဘူးဆိုတော့ ကျွန်တော်တို့ကကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်နေတယ်။ အတက်နိုင်ဆုံးတော့ဖော်ထုတ်နိုင်အောင် ကြိုးစား စုံစမ်းသွားမှာပါ” ဟု ယင်းက ပြောကြားသည်။

ရဲလင်းအောင်၊ ရဲရင့်အောင်၊ ဇွန်ပန်း နှင့် အိဖြူတို့မှာ သင်္ချာဖြေပြီးနောက်တစ်နေ့ (တနင်္ဂနွေ) ညနေပိုင်း ည ၆ နာရီ ခွဲခန့်ရဲလင်းအောင်အိမ်တွင်စာစုကျက်အပြီး အိမ်မှ ထွက်သွားပြီး သူငယ်ချင်းဖြစ်သူ အိဖြူနေထိုင်ရာ အလုံသစ်တောဈေးလမ်းသို့ ဓါတုဗေဒ ဘာသာရပ်အတွက် စပေါ့မေးခွန်း သွားယူကြခြင်းဖြစ်ကြောင်း၊လေးယောက်တူတူ လမ်းကူးနေစဉ် မိန်းကလေးနှစ်ဦးမှာ တစ်ဘက်သို့ ရောက်သွားသော်လည်းယောင်္ကျားကလေးနှစ်ဦးမှာ လမ်းလယ် မျဉ်းဖြူတွင် ကားမရှင်းသေးသည့် အတွက်ရပ်စောင့်နေကြောင်း၊ ထိုအချိန်တွင် ကြည့်မြင်တိုင်ဘက်မှမြို့ထဲသို့အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားတစ်စီးသည်လမ်းလယ်တွင် ရပ်နေသောယောက်ကျားကလေး နှစ်ဦးအားဝင်တိုက် သွားဖြစ်ကြောင်း သိရသည်။

“လမ်းစကူးတုန်းကတော့ တူတူပဲ၊ ရဲလင်းအောင်က နောက်မှာပုဆိုးဝတ်ရင်းကျန်ခဲ့တော့ သမီးတို့ သုံးယောက် အရင်ကူးတယ်။ပြီးတော့ သမီးရယ် အိဖြူရယ်ကကားရှင်းတယ်ဆိုပြီး ဟိုဘက်ကို ပြေးကူးလိုက်တယ်။ နောက်က လိုက်ကူးတဲ့ရဲလင်းအောင်ရယ်၊ ရဲရင့်အောင်ရယ်က လမ်းလယ်မှာ ရပ်ရင်း ကားရှင်းတာကိုစောင့်နေတုန်း တိုက်သွားတာ” ဟု ကားတိုက်ခံရစဉ်မျက်မြင်တွေ့ရှိသူဇွန်ပန်းက ပြောကြားသည်။

ယာဉ်တိုက်ခံရစဉ် ရဲလင်းအောင်မှာ ကားနှင့်အတူ ရှေ့နားသို့အနည်းငယ်ချိတ်ပါသွားပြီး ရဲရင့်အောင်မှာ ဘေးသို့ လိမ့်လာကြောင်း၊ ထိုအချိန်သည်ညနေ ၆နာရီ ၄၅ မိနစ်ခန့် ရှိပြီ ဖြစ်ပြီး ရဲလင်းအောင်မှာ ဆေးရုံရောက်ပြီးနောက်တစ်နေ့ နံနက် ၉ နာရီ၂၀ တွင် ကွယ်လွန်ခဲ့ကြောင်း၊ရဲရင့်အောင်မှာလည်း အာရုံကြော ထိခိုက်သွားပြီး ကိုယ်ခန္ဓာတွင်လည်းပွန်းပဲ့ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။

“လမ်းကူးတာကတော့ မမှားဘူးဗျ။ သူတို့က ကားမရှင်းသေးတော့ ကူးလာပြီး လမ်းလယ်မျဉ်းဖြူမှာ ရပ်စောင့်နေတာကိုး။တစ်ဖက်က ကားက ကားတစ်စီးကို ကျော်တက်ရင်းတိုက်မိသွားတာမျိုး ဖြစ်နိုင်တယ်” ဟု ကိုအောင်မြင့်ထွန်းက မှတ်ချက်ပြုပြောကြားသည်။

ယဉ်တိုက်မှု ဖြစ်သည့်နေရာသည် သစ်တောမှတ်တိုင်နှင့်ထော်လီကွေ့ကြားရှိအောင်မင်္ဂလာဘုန်းကြီးကျောင်းရှေ့တွင် ဖြစ်ကြောင်း၊ ရဲလင်းအောင်၊ဇွန်ပန်းနှင့် အိဖြူတို့သည်အ.ထ.က (၆) အလုံမှ ကျောင်းသားများဖြစ်ပြီးရဲရင့်အောင်သည်လမ်းမတော်မြို့နယ်တွင် ပညာသင်ကြားနေပြီးယင်း
ကျောင်း သားလေးဦးစလုံးသည် ဘောဂဗေဒဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသောကျောင်းသားများဖြစ်ကြောင်း သိရသည်။

ရည်မွန်

The Myanma Age,Rangonnewsdaily
RND:27.3.2013

0 comments:

Post a Comment