Pages

Friday, March 22, 2013

မိတ္ထီလာ အောင်ဇေယျရပ်ကွက်မှ လွတ်မြောက်လာသူ ရမသွလ္လာဟ် (ခ) ကိုမိုးဝင်း နှင့်ဆက်သွယ်မေးမြန်းချက်

ကိုမင်းကိုနိုင်တို့က လူထုကိုတရားဟောနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ လူအုပ်ထဲကနေကားမောင်းပြီး မနေ့ကမနက် (၉း၃၀)နာရီလောက်က မိတ္ထီလာကနေ ကျွန်တော်တို့ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ကို လိုက်ပို့ ပေးတာက ဗုဒ္ဓဘာသာဝင်ကားသမားတဦးပါ။ လမ်းမှာတော့ ဘုန်းကြီးတွေနဲ့ အရပ်သားတွေက တုတ်တွေ၊ ဓားတွေနဲ့ရှိနေတော့ ကားမောင်းပို့ပေးတဲ့သူက ရုပ်ထွက်ပြလိုက်၊ ကားမောင်းလိုက်နဲ့ ထွက်လာခဲ့ရတာပါ။ ကားနဲ့လာရင်း လမ်းမှာ ဆိုင်ကယ်တွေ၊ အိမ်တွေ၊ ပစ္စည်းဆိုင်တွေ၊ ပစ္စည်းတွေ မီးရှို့ထားတာကို တွေ့ခဲ့ရတယ်။
ကျွန်တော်တို့ဒီကိုအားလုံး(၈)ယောက်ပါလာတယ်။ မန္တလေးမှာကျန်တဲ့သူ ၁၁ ယောက်ကို အမြောက် တန်းဗလီ ဖလန်းကွင်းထဲမှာ အိုလမာအဖွဲ့ချုပ်က နေဖို့စီစဉ်ပေးထားတယ်။

ကျန်ခဲ့တဲ့(၂)ယောက်ကိုတော့ မိတ္ထီလာက ခရိုင်ကွင်းကြီးထဲမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့နေရာ မှာ ရောက်နေတယ်လို့သိရတယ်။

ကျွန်တော်တို့မထွက်ခင် ညပိုင်းတွေမှာလည်း မီးရှို့တာတွေ၊ ရိုက်နှက်နေတာတွေ တစ်ညလုံးကြားနေ ရတယ်။ အကြမ်းဖက်သမားတွေစိတ်ကျေနပ်ပြီဆိုတော့မှ မီးသတ်တွေထွက်လာပြီးလူစုခွဲတယ်။ လုံထိန်းတွေ ကတော့ ရပ်ကြည့်နေတာပါ။ သူတို့က ထိန်းဖို့လာတာပါ။ သူတို့ကြားကနေပဲ တိုးဝှေ့ပြီး အကြမ်းဖက် လုပ်ရပ်တွေလုပ်နေတာပါ။ သူတို့က သေနေတဲ့သူတွေကို တစ်နေရာကို ဆွဲခေါ်ယူသွားတယ်လို့ သိရတယ်။

ဟာဖိဇ်ကျောင်းသားတစ်ရာကျော်ကို ဘယ်နေမှန်းတော့မသိဘူး။ ရဲတွေကထိန်းသိမ်းထားတယ်လို့ပဲ သတင်း ရတယ်။ သေလား၊ ရှင်လားဆိုတာ မသိရသေးဘူး။ မန္တလေးကမိတ်ဆွေတစ်ယောက်ကတော့ UNICEF ကို အကူအညီတောင်းထားပြီး ဂျူမုအဟ်အပြီးမှာ အဲဒီကလေးတွေ သွားခေါ်မယ်လို့သိရတယ်။

အဲဒီမှာကျွန်တော်သိတာကတော့ မိတ္ထီလာက မင်္ဂလာဇေရုံထဲမှာ ညကြီး (၂)နာရီမတ်တင်းမှာ မီးရှို့တော့ အဲဒီကလေးတွေ ထွက်ပြေးပြီး ၀က်လံတောထဲမှာ ၀င်ပုန်းနေရတယ်။ အဲဒီပုန်းနေတဲ့ကလေးတွေကို အကြမ်းဖက်သမားတွေက ကလေးတွေကို ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်ကြတယ်လို့ မြင်ခဲ့တဲ့ဗုဒ္ဓဘာသာဝင် မျက်မြင်သက်သေတွေက ပြောပြကြတယ်။ ကလေးတွေက ခြေထောက်လေးတွေပဲထွက်ပြီး အစုလိုက် အပြုံလိုက် သေနေကြတယ်လို့သိရတယ်။

အခုလက်ရှိ ကျန်တဲ့သူတွေဆီက သတင်းရသလောက်တော့ လက်ရှိ (ချမ်းအေးနဲ့ မကျီးကုန်းမှာ နေ့လည် ၁၂း၀၀ နာရီမထိုးခင်မှာ မီးတွေရှို့နေတယ်၊ လူတွေရိုက်သတ်နေတယ်လို့ သတင်းရတယ်။

ဒါတွေအမြန်ဆုံးငြိမ်းအေးစေချင်တယ်။ ရခိုင်ပြည်နယ် တောင်ကုတ်ပြီးတော့ ဒါက ဒုတိယအရေးအခင်း ပါ။ ဒါတွေစီမံထားတဲ့အတိုင်း အကွက်ရွှေ့နေတယ်လို့မြင်တယ်။

၈၈ အရေးအခင်း တုန်းက မြို့တိုင်းမြို့တိုင်းမှာ ဖြစ်တာတောင်မှပဲ တနိုင်ငံလုံးကို အစိုးရက ထိန်းသိမ်း ထားနိုင်တယ်။ အခုက မြို့လေးတမြို့ဖြစ်တာပါ။ ဒါကိုထိန်းသိမ်းလို့မရဘူးဆိုတာ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး…ဟု myanmarmuslim.net သို့ ပြောကြားသည်။
 
MyanmarMuslim.net,Rangonnewsdaily
RND:  :22.3.2013
 

0 comments:

Post a Comment