Pages

Friday, March 8, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့ တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ''ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားဖြစ်အောင် လုပ်မယ်။ အဲဒီအတွက် ကော်မတီတွေ ဖွဲ့ပြီး စနစ်တကျ လုပ်မှာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။ ယခုနှစ် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ယခင်နှစ် ကအတိုင်းပင် အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့တွင် ခွင့်မပြု ဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ် လမ်းတို့ တွင် အများဆုံး ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်အရေအတွက်ကိုလည်း ယခင်နှစ်က ခွင့်ပြုခဲ့သည့် အရေအတွက် အတိုင်းသာ ခွင့်ပြုသွားရန် စီစဉ်နေသည်ဟု သိရသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မတ် ၆ ရက်မှ မတ် ၁၅ ရက်နေ့အတွင်း လျှောက် ထားကြရမည်ဖြစ်သည်။

မဏ္ဍပ်များကို ပေ ၁ဝဝ နှင့်အထက် မဏ္ဍပ်အကြီးများ၊ ပေ ၁ဝဝ နှင့် ၅ဝ ကြား မဏ္ဍပ်အလတ်၊ ပေ ၅ဝ အောက်မဏ္ဍပ် အသေး စသည်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်နေရာ ချထားပေးရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ပဏာမဆွေးနွေး မှုကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့ပြီး သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ဆပ်ကော်မတီ၊ မဏ္ဍပ်များခိုင်ခံ့မှု စစ်ဆေးရေး ကော်မတီ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်း သိမ်းရေး ကော်မ တီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ စသည်ဖြင့် ဖွဲ့စည်းပေးခဲ့သည်ဟု သိရသည်။

''ဒီနှစ် သင်္ကြန်ပွဲတော် လုပ်တဲ့အခါမှာ မနှစ်က သင်္ကြန်ပွဲတော်အပေါ် သုံးသပ်ချက်တွေ၊ ပြုပြင်ဖို့လိုတဲ့ အချက်တွေနဲ့ လုပ်မှာဖြစ်ပါတယ်။ ဥပမာ-မနှစ်သင်္ကြန် ဘယ်လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်သ လဲ။ အဲဒါတွေကို ဆင်ခြင်ပြီး လုပ်မယ် စတာမျိုးတွေပါ'' ဟု ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်အကြီးများကို ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် အများဆုံးခွင့်ပြုခဲ့သည်။

ယခင်နှစ်များက မဏ္ဍပ်အများဆုံးဖြင့် စည်ကားခဲ့သော အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းတို့တွင်မူ ၂ဝ၁ဝ ပြည့်နှစ် သင်္ကြန်ပွဲတော်မှစ၍ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်း အပါအဝင် လမ်းမကြီးအချို့ပေါ်တွင် ရေကစားမဏ္ဍပ် အကြီး စုစုပေါင်း ၄ဝ ကျော်အနက် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၂ဝ ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း၊ ရန်ကုန်တစ်မြို့လုံး ရေကစားမဏ္ဍပ်ပေါင်း ၁ဝဝ ကျော်ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်းကျင်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အခမ်းနားဆုံး အစိုးရဌာနဆိုင်ရာ မဏ္ဍပ်အဖြစ် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

မြ၀တီသတင်း

Rangonnewsdaily
7.3.2013

0 comments:

Post a Comment