Pages

Friday, March 8, 2013

သုံးရက်ကြာ ကျင်းပမည်ဖြစ်သော NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့တွင် ဗဟိုကော်မတီဝင် ဦးရေ ၁၀၀ ရွေးချယ်

3.8.7
ပထမနေ့ ညီလာခံအပြီး ပြန်လည်ထွက်ခွာလာသော NLD ညီလာခံ ကိုယ်စားလှယ်များကို တွေ့ရစဉ်

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ကို မတ် ၈ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဗဟိုကော်မတီဝင်ဦးရေ ၁၀၀ ရွေးချယ်ခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံအဖြစ် မတ် ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့တွင် ညီလာခံ ကိုယ်စားလှယ် ၈၆၂ ဦး တက်ရောက်ခဲ့ကာ ၁၀ ဦးလျှင် ဗဟိုကော်မတီဝင် တစ်ဦးနှုန်း ရွေးချယ်ခဲ့ပြီး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၂၀ ဦး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံအတွင်း ပါတီဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ နှင့် ဗဟိုကော်မတီဝင်များကို ရွေးချယ်သွားမည် ဖြစ်ကာ ပါတီ၏ ရှေ့ဆက်သွားမည့် မူဝါဒများနှင့် ဗဟိုလုပ်ငန်း ကော်မတီများ ခွဲဝေခြင်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“နက်ဖြန်ခါ ကျရင် လိုနေတဲ့ဦးရေရယ်။ နောက် အရန် သုံးဆယ်ရယ် ထပ်ရွေးပြီးတော့ စီအီးစီကနေ တစ်ခါထပ်ချပေးမယ်” ဟု ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံ မတိုင်မီ ရပ်/ကျေး ညီလာခံများနှင့် မြို့နယ်/တိုင်း ညီလာခံများ ပြုလုပ်ခဲ့ရာတွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကာ မတ် ၅ ရက်နေ့ကလည်း အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်းရရှိထားသည်ဟု ဆိုကာ ကိုယ်စားလှယ် လေးဦးအား နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲမှုများ ရှိခဲ့သည်။
3.8.7
ပထမနေ့ ညီလာခံအပြီး ပြန်လည်ထွက်ခွာလာသော NLD ညီလာခံ ကိုယ်စားလှယ်များကို တွေ့ရစဉ်


ယင်းနှင့်ပတ်သက်၍လည်း ဒေါ်ဖြူဖြူသင်းက “ဒီနေ့မြင်ရတဲ့ ပုံစံအရ ဆိုရင်တော့ စည်းလုံးမှု ပြိုကွဲတယ်လို့တော့ မထင်ရပါဘူး။ အစပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေတော့ ရှိပါတယ်။ အောက်ခြေကနေ စရွေးတဲ့အခါမှာလည်း ပြဿနာတွေ တော်တော် များများဖြစ်ခဲ့တာ တွေ့ရတယ်။ 

နီးတဲ့နေရာမှာလည်း ပြဿနာတွေ ဖြစ်ခဲ့တယ်ပေါ့နော်။ ဒါကတော့ ပြောရမယ်ဆိုရင် ပထမဦးဆုံး စပြီးတော့ ကျင်းပဖြစ်တဲ့ ညီလာခံဆိုတော့ အခက်အခဲတွေ တွေ့မယ်။ အနှောက်အယှက်တွေ၊ အတားအဆီးတွေ အများကြီး ကြုံမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ဒီနေ့လည်း သဘာပတိ ပြောသွားပါတယ်။ ဘာမှန်တယ်၊ မှားတယ်၊ ဘာလိုအပ်ချက်တွေ ရှိတယ်ဆိုတာ ပြန်ကြည့်သွားမယ်။ မှန်ရင်လည်း မှန်တဲ့အတိုင်း မှားရင်လည်း မှားတဲ့အတိုင်း လုပ်ကိုင် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

ယခုညီလာခံအတွင်း ၂၅ နှစ်လုံးလုံး အထက်မှ အောက်ကိုသာ စီးဆင်းနေသည့် ပုံစံကို ပြောင်းလဲလိုက်နိုင်ကြောင်း၊ စနစ်တစ်ခုကို သွားသည့် လမ်းကြောင်း တစ်ခုကို ဖော်ထုတ်လိုက်နိုင်သည်ဟု မြင်ကြောင်းလည်း ၎င်းက ပြောသည်။
“ဒီနေ့ ကျွန်တော်တို့ ရန်ကုန်တိုင်းက ကိုယ်စားလှယ် ၁၀၄ ဦး တက်တယ်။ ဗဟိုကော်မတီဝင် ရွေးတော့ ၁၀ ရာခိုင်နှုန်းဆိုတော့ ၁၁ ဦးရွေးရတယ်။ 

အပေါင်း နှစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်မေ၀င်းမြင့်တို့ကို ရွေးတယ်။ သူတို့ကိုလည်း ဗဟိုကော်မတီဝင် အနေနဲ့ပဲ ရွေးထားတာ။ ဥပမာ မန္တလေးတိုင်း အတွက်ဆိုရင် အပေါင်းအနေနဲ့ ဦးအုန်းကြိုင်၊ မွန်ပြည်နယ် အတွက်ဆိုရင် ဦးဥာဏ်ဝင်း၊ ဧရာဝတီတိုင်း အတွက်ဆိုရင် ဦးဝင်းမြင့် စသဖြင့် ရွေးထားတယ်။ မနက်ဖြန်ဆိုရင်တော့ ဗဟိုအလုပ် အမှုဆောင်တွေ ရွေးမယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှ ညီလာခံကိုယ်စားလှယ် ကိုမိုးဇော်သိန်းက ပြောသည်။

ပထမနေ့တွင် ရွေးချယ်ခံထားရသော ဗဟိုကော်မတီဝင်များမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၁၃ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၉ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၁၂ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၂ ဦး၊ မကွေးတိုင်း ဒေသကြီးမှ ၉ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၁၀ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ကချင်ပြည်နယ်မှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၃ ဦး၊ ရှမ်းပြည်နယ်မှ ၈ ဦး၊ ချင်းပြည်နယ်မှ ၃ ဦး၊ မွန်ပြည်နယ်မှ ၄ ဦး၊ ကယားပြည်နယ်မှ ၁ ဦးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော နာဂ၊ ဓနု၊ နမ့်ဆမ်၊ ပအို့ဝ် ဒေသများမှ တစ်ဦးစီ ဖြစ်သည်။

3.8.7
ပထမနေ့ ညီလာခံအပြီး ပြန်လည်ထွက်ခွာလာသော NLD ညီလာခံ ကိုယ်စားလှယ်များကို တွေ့ရစဉ်


၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မှတ်ပုံတင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။

ယင်းကဲ့သို့ မဲဆန္ဒနယ် ရာခိုင်နှုန်း အများစု အနိုင်ရရှိ ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အာဏာလွှဲပြောင်းမှု မရှိခဲ့ခြင်းကြောင့် အစိုးရအဖွဲ့ မဖွဲ့နိုင်ခဲ့ပေ။

၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သည့် နိုင်ငံရေးပါတီ ၉၃ ပါတီ အနက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီးမှ ပယ်ဖျက်ခဲ့သည့် ပါတီ ၈၃ ပါတီ ရှိခဲ့ပြီး ကျန်ရှိသည့် တရားဝင် ဆက်လက်ရပ်တည်ခဲ့သော နိုင်ငံရေးပါတီ ၁၀ ပါတီထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်ခဲ့သည်။

သို့သော် ယခင်စစ်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် မတ် ၈ ရက်က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံ မှတ်ပုံတင်ရမည် ဖြစ်သော်လည်း ကန့်သတ်ချက်များနှင့် လက်မခံနိုင်သော အချက်များ ပါဝင်နေသောကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက် တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထပ်မံမှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခြင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံး တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် လက်မခံနိုင်သည့် အချက်များအဖြစ် ပါဝင်နေသော ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေရသူ မဟုတ်ခြင်း ဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်ခြင်း၊

 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရေး” ဟူသော စကားရပ်အား “လေးစားလိုက်နာရေး” ဟု ပြင်ဆင်ခြင်း စသည့် အပြောင်းအလဲ များကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီမှတ်ပုံတင်ရန် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် အဖြစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ရွေးချယ်ခဲ့ပြီး ပါတီမှတ်ပုံတင်ခြင်းကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၀င်ပြိုင်သည့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ရွေးချယ်ခံထားရသော ဗဟိုကော်မတီဝင်များစာရင်း

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၁။ ဦးညဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ



Eleven Media Group:
Rangonnewsdaily
8.3.2013 

0 comments:

Post a Comment