Pages

Saturday, February 9, 2013

ဆိုက်ဘာလုံခြုံရေး ( Cyber Security)

မကြာသေးခင်ရက်ပိုင်းအတွင်းက The Voice Weekly ၏ အွန်လိုင်း လူမှုရေး စာမျက်နှာ facebook account နှောက်ယှက်တိုက်ခိုက် Hack ခံခဲ့ရပါသည်။ ထိုမတိုင်မီကလည်း The Voice Weekly ၏ ဝက်ဘ်ဆိုဒ်နှင့် ပြည်တွင်းမှ နာမည်ကြီး မီဒီယာတစ်ခုဖြစ်သည့် Eleven Media ဝက်ဘ်ဆိုဒ်ကိုလည်း ဟက်ကာများက တိုက်ခိုက်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်ကိုပင် တိုက်ခိုက်လာသည်အထိ အတင့်ရဲလာသည်ကို တွေ့ရပါသည်။ ဤအခြေအနေများကိုကြည့်လျှင် မြန်မာနိုင်ငံ၏ ဆိုင်ဘာလုံခြုံရေးမှာ အထူး စိုးရိမ်ဖွယ်ရာကောင်းနေပြီဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။ သို့ဆိုလျှင် ထိုသို့ တိုက်ခိုက်နှောက်ယှက်မှုများကို မည်သို့တားဆီးကာကွယ်နိုင်ပါသနည်း။ တိုက်ခိုက်သူများကို မည်သို့ဖော်ထုတ် အရေးယူနိုင်ပါသနည်း ဆိုသော မေးခွန်းများ မေးရန်ရှိလာပါသည်။

မှန်ပါသည်။ ထိုမေးခွန်းများကို အခြေခံကျကျ ဖြေဆိုရမည်ဆိုပါက အွန်လိုင်းပေါ်တွင် ရှိနေကြသော ဝက်ဘ်ဆိုဒ်များ၊ လူမှုရေးကွန်ရက်စာမျက်နှာများ လုံခြုံရေးအတွက် သက်ဆိုင်ရာ ကာယကံရှင်များအနေနှင့် မိမိတို့ဘာသာ လုံခြုံရေးကို ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်ဟူသော အဖြေဖြစ်ပါသည်။ ထိုသို့ ပြင်ဆင်ထားသည့်ကြားက တိုက်ခိုက်ခံရပါက တည်ဆဲဥပဒေများက တတ်နိုင်သမျှ အကာကွယ်ပေးနိုင်ရပါမည်။
 နိုင်ငံတကာတွင်မူ ဆိုက်ဘာရာဇဝတ်မှုများ စောင့်ကြည့် ထိန်းကွပ်ပေးကာ၊ လိုအပ်ပါက အရေးယူမှုပါ ဆောင်ရွက်ပေးသည့် ဆိုက်ဘာရဲများရှိပါသည်။ မြန်မာနိုင်ငံတွင်မူ ဆိုက်ဘာအမှုအခင်းများအတွက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားခြင်းမျိုး မရှိသော်လည်း ထိုသို့ ပြင်ဆင်ဆောက်ရွက်ရန် စီမံချက်များရေးဆွဲထားကြောင်းကိုသာ အိုင်တီလောကသားအချို့ထံမှ ကြားသိရပါသည်။

မြန်မာနိုင်ငံတွင်၂၀၀၄ခုနှစ်အတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်း အတည်ပြုခဲ့သော အီလက်ထရွန်နစ်ဆက်သွယ်ရေးဥဒေ ရှိပါသည်။ အိုင်တီလောကသားအချို့၏ အဆိုအရ ထိုဥပဒေတွင် အွန်လိုင်းမှတစ်ဆင့် ကျုးလွန်နိုင်သော ပြစ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းချက်များ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်ဒဏ်များ ပါဝင်သည်ဟု သိရသော်လည်း ယနေ့အထိ ထိုဥပဒေဖြင့် အရေးယူခံရသည့် အိုင်တီလောကသား သို့မဟုတ် ဟက်ကာ တစ်စုံတစ်ဦးရှိခဲ့သည်ဟုမူ မကြားသိရသေးပေ။ 
သို့သော် ၂၀၀၇ခုနှစ် သံဃာတော်များ ဆန္ဒပြမှုအပြီး နာမည်ကျော် ဟာသအနုပညာရှင် ကိုသူရခေါ် ဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာချုပ် ကိုဇော်သက်ထွေးအပါအဝင် အာဏာပိုင်တို့ မျက်မုန်းကျိုးနေသူအချို့ ထိုအီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေအရ ပြည်ပမှ ပေးပို့သော အီးမေးလ်လက်ခံမိသည့်အတွက် ထောင်ဒဏ် ၁၅နှစ် အပြစ်ပေးခြင်း တစ်ခုသာ ထင်ရှားသိသာသော အရေးယူမှုဖြစ်ပါသည်။ ယနေ့အချိန်အထိ ဝက်ဘ်ဆိုဒ်များနှင့် အွန်လိုင်းလူမှုရေးကွန်ရက် စာမျက်နှာများကို တိုက်ခိုက်နေသည့် ဟက်ကာများကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ခြင်း တစ်စုံတရာမရှိသေးပေ။

မြန်မာနိုင်ငံရှိ မီဒီယာများ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတော်သမ္မတရုံးတို့၏ တရားဝင်ဝက်ဘ်ဆိုဒ်များနှင့် အွန်လိုင်း လူမှုရေးစာမျက်နှာများပေါ်တွင် အဆိုးမြင် သဘောထားမှတ်ချက်၊ သုံးသပ်ချက်များ ကို ရည်ရွယ်ချက်ရှိရှိ တင်နေကြခြင်း၊ ပြည်သူလူထုကို သတင်းပြန်ကြားပေးခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွားအတွက် မီဒီယာတာဝန်ထမ်းဆောင်နေကြသည့် သတင်းမီဒီယာများကို နှောက်ယှက် ခြိမ်းခြောက်ခြင်း၊ ပြည်သူလူထုအပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဈေးကွက်၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ မီဒီယာ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့အကြား အထင်အမြင်လွဲမှားစေရန် အဆိုးမြင်သက်သက်ဖြင့် သွေးထိုးလှုံ့ဆော် ရန်တိုက်ပေးခြင်းတို့သည်လည်း stakeholder အားလုံး အားကြိုးမာန်တက် လုပ်ဆောင်နေသည့် နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတို့ကို အဟန့်အတားဖြစ်စေပါသည်။

မြန်မာနိုင်ငံသည် ယခုအခါ ကမာကြီးတစ်ခုလုံးနှင့် အရာအားလုံးနီးပါး ချိတ်ဆက်မိနေပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရပါက ကမ္ဘာ့အမြန်လမ်းမကြီးပေါ်တွင် ရောက်ရှိနေသော ယာဉ်တစ်စင်းဖြစ်နေပါသည်။ ထို့ကြောင့် အမြန်လမ်းမကြီးတွင် ကြုံရနိုင်သည့် ဘေးအန္တရာယ်များ ကာကွယ်ရေး၊ လုံခြုံရေးကိုလည်း မဖြစ်မနေ ပြင်ဆင်လုပ်ဆောင်ထားရမည်ဖြစ်ပါသည်။
 နိုင်ငံအတွင်းသို့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ကုန်သွယ်ရန် သော်လည်းကောင်း၊ နည်းပညာ၊ အတတ်ပညာ၊ လူမှုရေးအကူအညီပေးရန်အားဖြင့် သော်လည်းကောင်း လာရောက် ကြသူ နိုင်ငံခြားသား၊ နိုင်ငံခြား လုပ်ငန်းရှင် အသင်းအဖွဲ့များ နှင့် နိုင်ငံသားအားလုံး ကိုသော်လည်းကောင်း ဆိုင်ဘာရာဇဝတ်မှုများ၊ ဆိုင်ဘာနှောက်ယှက်ဖျက်ဆီးလိုသူများလက်မှ အကာအကွယ်ပေးနိုင်မည့် လုံခြုံရေးစနစ်တစ်ရပ် အပူတစ်ပြင်း လိုအပ်နေပြီဖြစ်ပါသည်။ 
ထိုသို့ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများသည် အိုင်စီတီလောကအတွင်းမှ ပညာရှင်များ၊ မီဒီယာများ၊ နိုင်ငံတကာရှိ ဆိုက်ဘာရာဇဝတ်မှု စောင့်ကြည့် ထိန်းချုပ် အရေးယူမှု အတွေ့အကြုံရှိသူ နိုင်ငံတကာ ဆိုက်ဘာရဲတပ်ဖွဲ့များ၊ လွတ်လပ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကာ လုံခြုံရေး၊ စုံစမ်းဖော်ထုတ်ရေး၊ အပြစ်ဒဏ်ချ အရေးယူနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။

အယ်ဒီတာ

(၆-၂-၂၀၁၃)
Kyaw Min Swe

0 comments:

Post a Comment