Pages

Tuesday, January 22, 2013

ဝေါတံတား ပိတ်မိသည်မှာ နှစ်ရက်ကြာမြင့်ပြီဖြစ်ပြီး ယာဉ်များ သွား၍မရသေး

ရန်ကုန်၊ဇန်န၀ါရီ-၂၂

ဘတ်ဟိုးကား တင်ဆောင်လာသော ၁၈ ဘီး ယာဉ်တစ်စီးသည် ဝေါတံတားရှိ ကွန်ကရစ်တုံးနှင့် တိုက်မိပြီး တိုင်နှစ်တိုင်ကျိုးကာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေသည်မှာ နှစ်ရက်ကျော် ကြာမြင့်ခဲ့ပြီး ယခုအချိန်အထိ ယာဉ်များ ဖြတ်သန်း၍ မရသေးကြောင်း ဒေသခံများကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝေါတံတားပေါ်တွင် ၁၈ ပေရှည်သည့် ကွန်ကရစ်တိုင်နှစ်တိုင်မှာ ၁၈ ဘီး ယာဉ်ပေါ်ရှိ ဘတ်ဟိုးအပေါ် ပိကျနေပြီး လမ်းနှစ်ဖက်ပိတ်မိနေသဖြင့် ထောင်နှင့်ချီသော လူများမှာ ခရီးဆက်မရဘဲ ယခုကဲ့သို့ စောင့်ဆိုင်းနေကြရကြောင်း သတင်းရရှိသည်။ "လမ်းတွေပိတ်နေတယ်။ ကားတန်းတွေက တစ်ဖက်နှစ်မိုင်လောက် ရှည်နေပြီ"ဟု ခရီးသည်တစ်ဦးက ဖုန်းဖြင့်ဖြေကြားသည်။

ယင်းနေရာတွင် ထမင်းဆိုင်မရှိ၍ ဝေါမြို့နယ် ဒေသခံများက ထမင်းထုပ်များ၊ ရေသန့်ဘူးများ လာရောက်လှူဒါန်းနေကြပြီး နှစ်ရက်ခန့် ကြာမြင့်နေသည့်အတွက် အခြား အနီးအနားမှ ဈေးသည်များလည်း လာရောက်ရောင်းချနေကြကြောင်း ဝေါဒေသခံတစ်ဦးကပြောသည်။

ယင်းမြို့နယ်မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးကြပြီး ကွန်ကရစ်တုံးအား ဖယ်ရှားရန် ၀န်ချီစက်မှာ သေးနေ၍ ၀န်ချီစက်အကြီးကို ဘားအံဘက်မှ မှာထားသည်ဟု ဝေါအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။ မှန်လုံယာဉ်နှင့် ကုန်ကားများမှာ ဖြတ်သန်းမရဘဲ ယာဉ်သေးများသာ မောင်း၍ရပြီး အချို့ခရီးသည်များမှာ ဆိုင်ကယ်များ၊ စက်လှေများဖြင့် တစ်ဖက်ကမ်းသို့ ကူးနေကြကြောင်း သတင်းရရှိသည်။

"ဝေါတံတားက ပိတ်နေတော့ ဟိုဘက်ကားနဲ့ ဒီဘက်ကား ချိန်းပေးနေရတယ်"ဟု ရန်ကုန်-မြ၀တီကားဂိတ်မှ ဂိတ်မှူးကပြောသည်။

ခရီးသည်အများစုမှာ ကျိုက်ထီးရိုးဘုရားဖူးခရီးသည်များဖြစ်ကြပြီး မြ၀တီ၊ ထားဝယ်၊ မော်လမြိုင် ဒေသများသို့ သွားလာနေသူများ ဖြစ်သည်ဟု သတင်းရရှိသည်။
 7days News:

0 comments:

Post a Comment