Pages

Wednesday, November 7, 2012

CPI မှ Chief Representative နှင့် မြစ်ဆုံဆည် စီမံကိန်း

မြစ်ဆုံနေရာ မြင်ကွင်း
မြစ်ဆုံနေရာ မြင်ကွင်း

နိုဝင်ဘာ ၇၊ ၂ဝ၁၂

မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ CPI (China Power Investment) မှ Chief
Representative ဖြစ် သူ Mr.Wang Qiue ကို အောက်တိုဘာ ၃ဝ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ CPI (China Power Investment) ရဲ့ (အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ ခြိမ်ြးေ ခာက် နိုင်မှု) ဆန်းစစ်ချက်ကို သိလိုပါတယ်။
ဖြေ။ ။ CPI ဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်တွင်းမှာ လျှပ်စစ်ကဏ္ဍ၊ ဆိပ်ကမ်းကဏ္ဍ၊ အလူမီနီယံ ကဏ္ဍများ ဆောင်ရွက်လျက် ရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်းအင်အား တစ်သိန်း တစ်သောင်းကျော် ရှိပါတယ်။
 
မေး။ ။ CPI (China Power Investment)  ရဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှု ကဏ္ဍများကို သိလိုပါတယ်။
ဖြေ။ ။ တရုတ်ပြည်တွင်းမှာနဲ့ ထိုင်းမှာ၊ ယူနန်ပြည်နယ်မှာ၊ လျှပ်စစ်စီမံကိန်းတွေ လုပ်ဆောင် နေပါ တယ်။ ကျောက် မီးသွေး စက်ရုံတွေလည်း ပိုင်ထားပါတယ်။

မေး။ ။CPI အနေနဲ့ ကချင်ပြည်နယ် မြစ်ဆုံကဲ့သို့သော အလားတူ စီမံကိန်းမျိုး နိုင်ငံတကာမှာ လုပ်ဆောင် ဖူးပါ သလား။
ဖြေ။ ။ ရေအားလျှပ်စစ် ကဏ္ဍမှာတော့ မြစ်ဆုံက အကြီးဆုံး စီမံကိန်းပါ။ နှစ်နိုင်ငံ ချစ်ကြည်ရေးကြောင့် ကျွန်တော်တို့  လုပ်ဆောင်ခြင်းပါ။ ကုမ္ပဏီ အနေဖြင့် လက်ရှိမှာတော့ ဒီမြစ်ဆုံ စီမံကိန်းက အကြီးဆုံးပါ နောင်ကျရင်တော့ ရှိလာနိုင်ပါတယ်။
 
စီမံကိန်း ပြုလုပ်ရန် လျာထားသည့် မြစ်ဆုံတစ်နေရာ
စီမံကိန်း ပြုလုပ်ရန် လျာထားသည့် မြစ်ဆုံတစ်နေရာ
မေး။ ။မြစ်ဆုံမှာ အခုလောလောဆယ်  အနေနဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းပြီး ထွက်ခွာမှု လုပ်ဆောင်နေပြီ ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလပိုင်း ၃ဝ ရက်မှာ သမ္မတကြီးက ရပ်ဆိုင်းဖို့ ကြေညာပြီးတဲ့ နောက်ပိုင်း စက်ယန္တရားကြီးတွေ ကိုပါ ရွှေ့ဖို့ အစီအစဉ် ရှိပြီးသား။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း အရ Export လိုင်စင်တွေ လျှောက် ရတယ်။ လိုင်စင်က အခု ၂ဝ၁၂ ခုနှစ် ဇူလိုင်လပိုင်းမှ အတည်ပြုချက် ရတယ်။ ၂ဝ၁၂ ခုနှစ်၊ ဧပြီလပိုင်းမှာ မြစ်ကြီးနားမှ တရုတ်ပြည်သို့ သွားသည့် လမ်းပိုင်းရှိ တံတားတစ်ခုကို ကေအိုင်အေက ဖောက်ခွဲ လိုက်တယ်။ အခု ကျွန်တော်တို့ စက်ယန္တရားတွေ ရွှေ့ဖို့ တရားဝင် စာရွက်စာတမ်းတွေ ရနေပေမယ့် တံတား အခက်အခဲကြောင့် သွားလို့ မရသေးဘူး။

မေး။ ။ လက်ရှိ ဝန်ထမ်းတွေ ရွှေ့ပြောင်းမှု အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ လက်ရှိ ဆိုက် (site) ထဲမှာ ပစ္စည်းထိန်းသိမ်းဖို့အတွက် လုံခြုံရေး အယောက် ၁ဝဝ ခန့်ရှိပါတယ်။ အဓိက ကတော့ စက်ယန္တရားတွေ ထိန်းသိမ်းဖို့ပါ။
မေး။ ။ မြစ်ဆုံစီမံကိန်းနဲ့ စပ်လျဉ်းပြီး CPI (China Power Investment) အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင် သွားဖို့ စီစဉ်ထားပါသလဲ။
 
စီမံကိန်း ပြုလုပ်ရန် လျာထားသည့် မြစ်ဆုံတစ်နေရာ
စီမံကိန်း ပြုလုပ်ရန် လျာထားသည့် မြစ်ဆုံတစ်နေရာ
ဖြေ။ ။ ပထမ တစ်ချက်က  အစိုးရ ညွှန်ကြားထားသလို ပစ္စည်းတွေ ပြန်ရွှေ့မယ်။ ပြန်ရွှေ့ဖို့ကျတော့ တံတားကျိုးနေတဲ့ အတွက်ကြောင့် ဌာနဆိုင်ရာ နှစ်ဖက်စလုံး ညှိနှိုင်း နေတုန်း။ တံတားပြန်ဆောက်လိုက် ရင်တော့ ပစ္စည်းတွေ ပြန်ရွှေ့လို့ ရပါပြီ။
မေး။ ။လုံးဝ ရွှေ့ပြောင်းဖို့အတွက် ကိုတော့ ဆုံးဖြတ်ပြီးသားလို့ ဆိုချင်တာလား။
ဖြေ။ ။အဲဒါကတော့ အစိုးရကလည်း ကျွန်တော်တို့ကို ရွှေ့ခိုင်းတယ်။ ကျွန်တော်တို့ ရွှေ့ကိုရွှေ့မယ်။

မေး။  ။ မြစ်ဆုံစီမံကိန်းမှာ CPI ရဲ့ ရင်းနှီးမြှုပ်နှံမှုက အရှုံးပေါ်ခဲ့မှု ရှိ မရှိ သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ ဆုံးရှုံးမှုက (လက်ရှိ အနေအထားအရ) ၁ ဘီလံယံ အမေရိကန် ဒေါ်လာ ရှိပါတယ်။ တစ်မျိုးသားလုံးအတွက် အခြားစီမံကိန်း တွေအပါအဝင် (မြစ်ဆုံဆည်နှင့် စပ်လျဉ်းသည့် မိုးရေချိန်တိုင်း စခန်း များ ဆောက်လုပ်ရန် စီစဉ်ထားမှု) နစ်နာမှုပါ။
 
China Power Investment(CPI) မှ Chief Representative ဖြစ်သူ Mr.Wang Qiue (ညာ)
China Power Investment(CPI) မှ Chief Representative ဖြစ်သူ Mr.Wang Qiue (ညာ)
မေး။ ။ မြစ်ဆုံစီမံကိန်းနဲ့ စပ်လျဉ်းပြီးတော့ CPI  အနေနဲ့ ဒီဆည်က ရလာမယ့် SWOT (အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ ခြိမ်းခြောက်နိုင်မှု) တွေကို ဆန်းစစ်ထားတာ ရှိပါသလား။
ဖြေ။ ။ အားသာချက် အနေနဲ့ကတော့ မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အား အများကြီး လိုသေးတယ် ပြီးတော့ ဒီက ပိုတဲ့ ဓာတ်အားအတွက် ဝယ်ယူမယ့် တရုတ်ပြည် ဈေးကွက် ရှိတယ်။ ဒုတိယတစ်ချက်က ဒီစီမံကိန်းရဲ့ အားနည်းချက် တွေ ကတော့ တခြားနိုင်ငံက စီမံကိန်းတွေ နဲ့ မတူတဲ့အတွက်ကြောင့် လုပ်ကိုင်ရာမှာ အခက်အခဲ တွေ ရှိပါတယ်။ တတိယ တစ်ချက်ဖြစ်တဲ့ အခွင့်အလမ်း တွေကတော့ ပြည်သူတွေ တိုက်ရိုက်ရမယ့် အခွင့် အလမ်း ၄ မျိုးရမယ်။ ပထမ တစ်ချက် က  မြန်မာပြည် လုံလောက်တဲ့ အချိန်ရောက်ရင် ပိုတဲ့ ဓာတ်အားကို တရုတ်ပြည်ကို ရောင်းချနိုင်တယ်။ စီမံကိန်း က နှစ် ၅ဝ ပဋိညာဉ် လုပ်ထားပြီး မြန်မာပြည်ကို လွှဲပေးမှာ၊ ရေအားလျှပ်စစ် စီမံကိန်းတွေက အနည်းဆုံး နှစ် ၁ဝဝ ဆွဲရတာ အခုက နှစ် ၅ဝ ပြီးရင် ဒီနိုင်ငံတော်ကို အခမဲ့ လွှဲအပ်ပေးရမှာ။ ကချင်ပြည်နယ် အတွင်းမှာ ဒီစီမံကိန်း တည်ဆောက် မှုကြောင့် ကီလိုမီတာ ၈ဝဝ ကျော် ရှည်တဲ့ ကားလမ်းတွေ၊ နောက်တစ်ချက် ကတော့ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ရလာနိုင်မယ်။  မြန်မာနိုင်ငံမှာ နှစ်စဉ် ရေကြီးမှုတွေရှိတယ် ဒီမြစ်ဆုံ ဆည်စီမံ ကိန်းကြောင့် ရေကြီးမှု ကိုလည်း ထိန်းနိုင်မယ်။

မေး။ ။ ဒီမြစ်ဆုံဆည် တည်ဆောက်တဲ့ လုပ်ငန်းခွင်ကို ဘာကြောင့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတကြီးရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ပြောခဲ့တဲ့ သဘောထားအတိုင်းပါပဲ။ ကျွန်တော် တို့ လက်ခံပါတယ်။ အခု ကျွန်တော်တို့ အဓိက ဆောင်ရွက်ရမယ့် နည်းလမ်းက သမ္မတပြောသလို ပဲ ပြည်သူလူထု နားလည်အောင် သဘောပေါက်အောင် ဖြေရှင်းရမယ် ဆိုတဲ့ အလုပ်ကို လုပ်နေပါတယ်။

မေး။ ။ မြစ်ဆုံစီမံကိန်းမှာ CPI ရဲ့ ဆုံးရှုံးမှုကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်မှု ရှိနိုင်မှာလား။
ဖြေ။ ။ နှစ်နိုင်ငံ ချစ်ကြည်ရေးက တည်မြဲတဲ့ ချစ်ကြည်ရေးပါ။ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးက တစ်ရက် နှစ်ရက်နဲ့ ရလာတာ မဟုတ်ဘူး။ ဆိုလိုတာက  တစ်ရက် နှစ်ရက်ဖြစ်တဲ့ ကိစ္စလောက်နဲ့ ပျက်စီးသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့လည်း အစိုးရက ချမှတ်တဲ့ နည်းလမ်းအတိုင်းပဲ သွားမှာပါ။

မေး။ ။ ဒီစီမံကိန်းရဲ့ ပဋိညာဉ်ထဲမှာ အကယ်၍ ပဋိညာဉ် ပျက်ယွင်းပါက မည်သို့သော ကုစားမှု (ဥပမာ-လျော်ကြေး) မျိုး ပြုလုပ်ရမည် လို့  ထည့်သွင်း ချုပ်ဆိုထားပါသလဲ။
ဖြေ။ ။ အခုက နှစ်ဖက်စလုံး ညှိနှိုင်းနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ထူးခြားမှု မရှိသေးပါဘူး။

မေး။ ။ ဒါဆို ပဋိညာဉ် ပျက်ယွင်း သွားတာမျိုး မဟုတ်ဘဲ ညှိနှိုင်းဆဲ လို့ပြောချင်တာလား။
ဖြေ။ ။ အစိုးရ အမိန့်ချတဲ့ အတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။

မေး။ ။ ဒါဆို ညှိနှိုင်းမှုဆိုတဲ့ စကားရပ်က ကုမ္ပဏီနဲ့ မြန်မာအစိုးရ ညှိနှိုင်းမှုကို ပြောချင်တာလား နှစ်ဖက် အစိုးရရဲ့ ညှိနှိုင်းမှုကို ပြောချင်တာလား။
ဖြေ။ ။ ကျွန်တော်တို့က အစိုးရကို လည်း နောက်ကနေ လိုက်ပြီး ညှိပေးနေတာပါ။

မေး။  ။ မြစ်ဆုံဆည် စီမံကိန်းနဲ့ စပ်လျဉ်းပြီးတော့ ဒေသခံတွေကို ဆည်ကြောင့် ရရှိမယ့် အကျိုးတွေ ရေးသား ထားတဲ့ လက်ကမ်းစာရွက်တွေ ဝေငှပြီး စည်းရုံးမှု လုပ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်း ပြီး ပြောကြားပေးပါ။
ဖြေ။ ။ ကျွန်တော်တို့က မီဒီယာ ကနေ ပြည်သူလူထု နားလည်အောင် သဘောပေါက်အောင် ရှင်းပြတာပါ။ စည်းရုံးရေး လုပ်နေတာ မဟုတ်ပါဘူး။

အထက်ပါ မေးမြန်းဖြေကြား ချက်များသည် အောက်တိုဘာလ ၃ဝ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့်နှင့် CPI (China Power Investment) YUNNAN International Power Investment Co.,Ltd မှ Chief Representative ဖြစ်သူ Mr.Wang Qiue တို့၏ မေးမြန်းဖြေကြားချက် များမှ ကောက်နုတ်ချက်ဖြစ်ပြီး အဆိုပါ မေးမြန်းမှုအတွက် တရုတ်မြန်မာ စကားပြန်အဖြစ် Mr. ZouXinYang က ဆောင်ရွက်ခဲ့ သည်။

ref:MIJ

0 comments:

Post a Comment