Pages

Wednesday, November 7, 2012

ဆီးရီးယားအရေး အနောက်အုပ်စုအား ရုရှား သတိပေး


(ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်)
ရုရှားအစိုးရက ဆီးရီးယား ပြဿနာတွင် ကြားဝင်သည့် အနောက်အုပ်စုများ အနေဖြင့် ဖြစ်လာနိုင်သော အကျိုးဆက်ကို မျှော်မှန်းကြည့်ရန် လိုကြောင်း သတိပေးလိုက်သည်။ ဆီးရီးယားတွင် အစိုးရတပ်များနှင့် အစိုးရ ဆန့်ကျင်ရေး အင်အားစုများကြား တိုက်ပွဲများ ပြင်းထန်နေရာ သမ္မတ ဘာရှာ အာဆက်ဒ် အစိုးရကို အနောက်အုပ်စုက ဖယ်ရှားရန် ဆန္ဒရှိနေသည်။
အထူးသဖြင့် ပြည်သူအမြောက်အမြား သေဆုံးနေရသော တော်လှန်ရေးတွင် အာဆက်ဒ် အစိုးရကို အနောက်အုပ်စုက အပြစ်တင် ပြောဆိုလျှက် ရှိသည်။

သို့သော်လည်း ရုရှား အစိုးရက အကယ်၍ အာဆက်ဒ်သာ ပြုတ်ကျသွားပါက ဆီးရီးယားတွင် ယခုထက် ဆိုးရွားသော သွေးချောင်းစီး ပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်း ထောက်ပြ သတိပေးသွားခြင်း ဖြစ်သည်။ မတည်မငြိမ် ဖြစ်နေသော အာရပ်နိုင်ငံနှင့် ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ကုလသမဂ္ဂ ကြားဝင်မှု တစ်ခုအတွက် ရှာဖွေနေသော အနောက်နိုင်ငံများ အနေဖြင့် အနာဂတ်ကို မျှော်တွေးသင့်ကြောင်း ဆိုသည်။

"တကယ်လို့ အဓိက ရည်ရွယ်ချက်က အစိုးရကို ပြောင်းလဲပစ်မယ် ဆိုပါတော့။ ရလဒ်က နောက်ထပ် ပိုဆိုးတဲ့ သွေးလွှမ်းမှုတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်က အသက်တွေကို ကယ်တင်ဖို့ ဆိုရင်တော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ဘာတစ်ခုမှ မလိုဘူး"ဟု ပြောကြားခဲ့သည်။ နိုဝင်ဘာလ (၂)ရက်နေ့ကလည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အစိုးရသည် ဆီးရီးယား တော်လှန်ရေးတွင် တိုက်ရိုက် အမိန့်ပေး စေခိုင်းနေကြောင်း စွပ်စွဲချက် ထုတ်ပြန်ခဲ့သေးသည်။

Source: TehranTimes

0 comments:

Post a Comment