Pages

Tuesday, August 14, 2012

ရန်ကုန်-နေပြည်တော် အမြန်လမ်းဘေးတွင် အမျိုးသမီးတစ်ဦး၏ အရိုးစုတွေ့ရှိ


ရန်ကုန်မှ နေပြည်တော်သို့ သွားသည့် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၇ /၃)နှင့် (၁၇/၄)ကြားတွင် လူသေ အလောင်းတစ်လောင်း၏ အရိုးစုတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က သတင်းအရ ဖောင်ကြီးရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းမြင့်နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ သွားသည့် အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၁၇/၃)နှင့် (၁၇/ ၄)ကြား လမ်းပခုံးမှ ပေ ၅ဝ ခန့် အကွာ တောစပ်အနီးတွင် အသားကျခါစလူသေ အလောင်းအရိုးစုအား တွေ့ရှိခဲ့ရသည်။

ဖောင်ကြီးရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမြင့်နှင့်အဖွဲ့က အလောင်းအား လှည်းကူးဆေးရုံသို့ပို့ခဲ့ရာ လှည်းကူး ဆေးရုံမှ ဒေါက်တာစိုးစန္ဒီလင်းက အဆိုပါ အရိုးစုမှာ အသက် ၁၅ နှစ် မှ ၂ဝ နှစ်ကြားအရွယ်ရှိ အမျိုးသမီး တစ်ဦး၏ အရိုးစုဖြစ်ကြောင်း၊ မည်ကဲ့သို့ သေဆုံးရခြင်းဖြစ်ကြောင်း ဆက်လက် စစ်ဆေးနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်းပေးခဲ့သည်။

အဆိုပါအမျိုးသမီး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဖောင်ကြီးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၅/၂ဝ၁၂)အရ သေမှုသေခင်းရေးဖွင့်၍ ဖောင်ကြီးရဲစခန်း စခန်းမှူး ရဲအုပ်ဝင်းမြင့်က ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

 
မြ၀တီ

0 comments:

Post a Comment