Pages

Wednesday, April 22, 2015

မန္တလေးတိုင်းဒေသကြီးတွင် အဌမတန်း ဖြေဆိုအောင်မြင်သူ ၄၀ ရာခိုင်နှုန်းကျော်ရှိ


RangonNewsDaily:: April . 22 .2015
မန္တလေးတိုင်းဒေသကြီး အခြေခံ ပညာကျောင်းများ၏ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲဖြေဆို အောင်မြင်သူများ၏ အမည်စာရင်း များကို ဧပြီ ၁၈ ရက် နံနက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တိုင်းဒေသကြီး အဆင့် စစ်ဆေးသည့် အဋ္ဌမတန်း စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၄ဝ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရ သည်။
တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်၌ အဋ္ဌမတန်းတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ စုစုပေါင်းမှာ ၇၃၁၇၄ ဦးရှိခဲ့သော်လည်း ၇၂၁၆၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင် သူ ၂၉၄၅၇ ဦးရှိခဲ့သဖြင့် အောင်ချက် ရာခိုင်နှုန်း ၄ဝ ဒသမ ၈၂ ရာခိုင်နှုန်း ရှိကြောင်း တိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းကို စာမေးပွဲ စစ်ဆေးတဲ့စနစ်တွေ ပြောင်း လဲထားပါတယ်။ စတုတ္ထတန်းကိုခရိုင် အလိုက် မေးခွန်းပြုစုပြီး စစ်ဆေးတဲ့ စနစ်နဲ့ အဋ္ဌမတန်းကိုတော့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အလိုက် မေးခွန်းပြုစုပြီး စစ်ဆေးတဲ့စနစ်တွေ အပြင် ကုစားဖြေဆိုခွင့်ပြုတဲ့စနစ် တွေပါပဲ။ ဒါကြောင့် ယနေ့ထုတ်ပြန် ကြေညာပေးတဲ့အောင်စာရင်းနဲ့အတူ ကုစားဖြေဆိုရမယ့်သူများရဲ့ အမည် စာရင်းနဲ့ ပြန်လည်ဖြေဆိုရမယ့် ဘာသာရပ်တွေကို တစ်ခါတည်း ကြေညာပေးထားပါတယ်။ တိုင်းဒေသ ကြီးတစ်ခုလုံးအနေနဲ့ ကုစားဖြေဆိုရ မယ့် ဦးရေ ၄၂၇ဝ၈ ဦးရှိပါတယ်''ဟု ပြောသည်။
::
စာမေးပွဲအောင်စာရင်းလာကြည့် သူ ကျောင်းသားမိဘတစ်ဦးကလည်း ''ကျွန်တော့်သမီးက အဋ္ဌမတန်းဖြေ ထားလို့လာကြည့်တာပါ။ ဒီနှစ်ထူးခြား ချက်ကတော့ အောင်မြင်သူစာရင်းမှာ မပါတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် သူတို့ကျရှုံးတဲ့ ဘာသာတွေ ကို ပြန်လည်ဖြေဆိုဖို့ စာရင်းကို တစ်ပါတည်း ကြေညာပေးထားတာပါ ပဲ''ဟု ပြောသည်။

ကျောင်းသူတစ်ဦးကလည်း''သမီး ကတော့ အဋ္ဌမတန်းဖြေထားတာပါ။ အောင်တဲ့စာရင်းထဲမှာပါလို့ ဝမ်းသာ ရပေမယ့် သမီးသူငယ်ချင်းနှစ်ယောက် ကတော့ ကုစားစာရင်းမှာပါနေလို့ သူတို့အတွက် စိတ်မကောင်းဖြစ်ရ ပါတယ်''ဟု ပြောသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတွက် ကုစား ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများအား ဧပြီ ၂၂ ရက်မှ ၂၉ ရက်အထိ သက်ဆိုင်ရာ ကျောင်းအလိုက် ကုစားသင်ကြားခြင်း များကို ပြုလုပ်ပေးမည်ဖြစ်ပြီး မေ ၁၄ ရက်မှ ၁၆ ရက်အထိ ကျရှုံးဘာသာရပ် များကို တစ်နေ့လျှင် နှစ်ဘာသာနှုန်း ဖြင့် ပြန်လည်ကုစားဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

MOI ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment