Pages

Wednesday, April 22, 2015

သံတွဲမြို့နယ်မြေ ရဲစခန်းအရှေ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု နှစ်ဖက်အပြန်အလှန် အမှုဖွင့်

RangonNewsDaily:: April . 22 .2015
ရခိုင်ပြည်နယ် သံတွဲမြို့ ဂျိတ္တောနယ်မြေ ရဲစခန်းအရှေ့တွင် ရွှေ့ပြောင်းရေလုပ်သား အချို့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နှစ်ဖက်အပြန်အလှန် အမှုများ ဖွင့်လှစ်တိုင်ကြားထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။
ဂျိတ္တောရပ်ကွက်ရှိ ရွှေ့ပြောင်းရေလုပ်သားများ အဖွဲ့မှ အိမ်၊ ခြံ၊ မြေနေရာ ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့သော ဦးကျော်သိန်းလှိုင်က ပုလဲရတနာ ပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဦးအိန္ဒြာစာရကို တိရိစ္ဆာန်နှင့် ခိုင်းနှိုင်းပြောဆိုခဲ့မှုကြောင့် ဒေသခံများက ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီခွဲက လူအင်အား ၅၀ ခန့်ဖြင့် ဂျိတ္တောနယ်မြေ ရဲစခန်းအရှေ့သို့ လာရောက်ခဲ့ကြောင်း၊ ယင်းနောက် ဆရာတော်အပေါ် ရိုင်းစိုင်းစွာ ပြောဆိုခဲ့သူကို ဖမ်းဆီးအရေးယူပေးရန် လာရောက်တောင်းဆိုခဲ့ရာမှ ဒေသခံနှင့် ရွှေ့ပြောင်းရေလုပ်သားတချို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရကြောင်း သံတွဲမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“မြေယာတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဆရာတော်က သူပိုင်တဲ့ ကျောင်းမြေကို မတောင်းဆိုဖို့ ပြောတာ၊ ဒါကို မြေယာရရှိရေးအတွက် ဆန္ဒပြသူ ကိုကျော်သိန်းလှိုင်က သင်္ကြန်ရက်မှာ ပုလဲရတနာကျောင်းရှေ့လာပြီး အသံချဲ့စက်နဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ဒေသမှာရှိတဲ့ ဆရာတော်တွေကို ရိုင်းစိုင်းတဲ့ မဖွယ်မရာစကားတွေ ပြောခဲ့သူကို ချက်ချင်းအရေးမယူပေးလို့ လူအုပ်ကြီးက ရဲစခန်းကို သွားဝိုင်းခဲ့ရာက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာ” ဟု ဂျိတ္တောရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားက ပြောဆိုသည်။
::
အဆိုပါ လူအုပ်စုကြီး ရဲစခန်းအရှေ့သို့ လာရောက်ခဲ့သောကြောင့် ဆရာတော်အပေါ် ရိုင်းစိုင်းစွာ ပြောဆိုခဲ့သူဟု တိုင်ကြားခံရသူ ဦးကျော်သိန်းလှိုင်ကို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅/၂၉၅ (က) နှင့် ပုဒ်မ ၅၀၀ တို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းဖမ်းဆီးချိန် ရွှေ့ပြောင်းရေလုပ်သားအဖွဲ့မှ အမျိုးသားငါးဦးက မော်တော်ဆိုင်ကယ်ဖြင့် ရဲစခန်းသို့ လိုက်ပါလာခဲ့စဉ် ဒေသခံများက ခဲများဖြင့် ဝိုင်းပစ်ပေါက်ခဲ့သောကြောင့် ရွှေ့ပြောင်းရေလုပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်တင့်က ရှင်းလင်းပြောကြားသည်။

“ပုလဲရတနာကျောင်းနဲ့ ရဲစခန်းက ခြံစည်းရိုြး
ခင်း ကပ်နေတာ။ ကျောင်းဘက်က လူအုပ်စုက ခဲနဲ့ ပစ်ပေါက်နေချိန်မှာ ရဲတပ်ဖွဲ့က အချိန်မီ ထိန်းသိမ်းခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူ နှစ်ယောက်ကို သံတွဲဆေးရုံကို ပို့ထားပြီး ကိုကျော်သိန်းလှိုင်ကို သံတွဲထောင်မှာ ထိန်းသိမ်းထားတယ်။ ဒဏ်ရာရသူတွေဘက်က ခဲနဲ့ပစ်ပေါက်တဲ့ အဖွဲ့က ဦးကျော်သန်း အပါအဝင် သုံးယောက်ကို ပုဒ်မ ၃၂၅/ ၁၁၄ နဲ့ အမှုဖွင့်တိုင်ကြားခဲ့လို့ အခု သူတို့တွေကို ခေါ်စစ်ဆေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
::
သံတွဲမြို့နယ် ဂျိုတ္တောရပ်ကွက်ရှိ ရွှေ့ပြောင်းရေလုပ်သားများသည် ဇန်နဝါရီလက အိမ်ခြေမြေနေရာများ ရရှိရန် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ၎င်းတို့ တောင်းဆိုသည့် မြေနေရာများမှာ တပ်ပိုင်မြေအဖြစ် သိမ်းယူထားသည့် မြေနေရာများ မဟုတ်ဘဲ ဒေသခံများ ပိုင်ဆိုင်သည့် မြေနေရာများ ဖြစ်ကြောင်း၊ မြေတောင်းဆိုမှုနှင့် ပတ်သက်၍ ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် ဘကစာသင်ကျောင်း ဖွင့်လှစ်ထားသည့် ပုလဲရတနာ ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်ကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့မှုကြောင့် ရွှေ့ပြောင်းရေလုပ်သားများနှင့် ဒေသခံများ ထပ်မံခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရန် ရဲတပ်ဖွဲ့က ရပ်ကွက်အတွင်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း သံတွဲမြို့မ ရဲစခန်းထံမှ သိရသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment