Pages

Wednesday, April 22, 2015

မန္တလေးတွင် အိမ်သုံးမီတာများ ကျပ်ကိုးသောင်းဖြင့် တစ်ရက်အတွင်း တပ်ဆင်ပေးမည်ဟုဆို

RangonNewsDaily:: April . 22 .2015
လျှောက်ထားစဉ် အခက်အခဲများရှိပြီး မီတာရရှိရန် ရက်ရှည်ကြာမြင့်တတ်သည့် အိမ်သုံးမီတာများကို မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက လိုအပ်ချက်များ ပြည့်စုံပါက ကျပ်ကိုးသောင်းဖြင့် တစ်ရက်အတွင်း အပြီးတပ်ဆင်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေအိမ်၊ အဆောက်အအုံများတွင် အိမ်သုံးမီတာများ တပ်ဆင်လိုပါက သက်ဆိုင်ရာ လျှပ်စစ်မန်နေဂျာရုံးသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရုံသာ လိုအပ်ပြီး ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ တစ်ရက်အတွင်း အပြီးတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ဖုန်းဖြင့် အကြောင်းကြားလာသည့် နေအိမ်သို့ သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများက သွားရောက်ဆက်သွယ် စစ်ဆေးကာ အိမ်သုံးလျှပ်စစ်မီတာ တပ်ဆင်ရန် သတ်မှတ်ချက်များဖြင့် ကိုက်ညီပါက ၂၄ နာရီအတွင်း အပြီးတပ်ဆင်ပေးသွားမည် ဖြစ်ကာ အိမ်သုံးမီတာ တပ်ဆင်ရန် ကော်ပိုရေးရှင်းသို့ ပေးသွင်းရမည့် စရိတ်မှာ ကျပ်ကိုးသောင်း ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
::
“ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့တဲ့ ရည်ရွယ်ချက်ထဲမှာ လျှပ်စစ်အသုံးပြု ပြည်သူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့က အဓိက အရေးကြီးအချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို အစီအစဉ်တွေကို တဖြည်းဖြည်း အကောင်အထည်ဖော်နေပါတယ်။ ပြည်သူတွေ ဒီ့ထက် အဆင်ပြေပြေနဲ့ လျှပ်စစ်အသုံးပြုနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခင်က အိမ်သုံးမီတာ တပ်ဆင်ရန် အချိန်တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး လျှောက်ထားရခြင်းမှာလည်း အဆင်မပြေမှု များစွာရှိခဲ့ကြောင်း ယခုကဲ့သို့ အိမ်သုံးမီတာ တပ်ဆင်လိုလျှင် ဖုန်းဖြင့်သာ အကြောင်းကြားဆက်သွယ်ပြီး တစ်ရက်အတွင်း အပြီးတပ်ဆင်ပေးမည် ဖြစ်သောကြောင့် လျှပ်စစ်အသုံးပြုပြည်သူများ များစွာအဆင်ပြေကာ ယခုထက် ပိုကောင်းသော ဝန်ဆောင်မှုများပေးနိုင်ရန် မျှော်လင့်ကြောင်း မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သည့် ဦးလှအောင်က ပြောကြားသည်။
::
အိမ်သုံးလျှပ်စစ်မီတာ တပ်ဆင်အသုံးပြုလိုသူများ အနေနှင့် မီတာတပ်ဆင်လိုသည့် အဆောက်အအုံသည် ကျူးကျော်ရပ်ကွက် (သို့မဟုတ်) သက်ဆိုင်ရာ အာဏာပိုင်က ခွင့်မပြုသည့် နေရာမဖြစ်စေရန်၊ ဓာတ်အားသုံးစွဲမည့် အဆောက်အအုံသည် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေရန်၊ ဓာတ်အားလိုင်းနှင့် ပေသုံးရာအတွင်း ရှိရန်၊ ထရန်စမော်ဖာနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရန် စသည့် အချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းထံမှ စုံစမ်းသိရှိရသည်။

လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းကို လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အဖြစ် ဧပြီလ ၁ ရက်နေ့က စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment