Pages

Saturday, January 10, 2015

ဒါရိုက်တာ မင်းအုပ်စိုး လူသတ်မှု ရဲလုပ်ထုံးလုပ်နည်းများ မပြီးသေးသဖြင့် ဇန်န၀ါရီလ ၂၂ ရက်ထိရမန်ထပ်မံပြန်ယူ


RangonNewsDaily:: January . 10 .2015
သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး လူသတ်မှုနှင့်ပတ်သက်၍ ရဲလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခြင်း မပြီးစီးသည့်အတွက် ဇန်န၀ါရီလ ၂၂ ရက်၊ ကြာသပတေးနေ့သို့ ရမန်ရက်ချိန်းပြန်ယူခဲ့ကြောင်း ဇန်န၀ါရီလ ၈ ရက်၊ ဗဟန်းတရားရုံးတွင်း ရုံးထုတ်ရာတွင် သိရသည်။

“ ရမန်ယူတယ်ဆိုတာက အချုပ်သားတစ်ယောက်ကို ၂၄ နာရီထက်ကျော်ပြီး ချုပ်လို့မရဘူး။ ၂၄ နာရီထက်ကျော်ပြီး ချုပ်ရင်သက်ဆိုင်ရာမြို့နယ်တရားသူကြီးထံမှာသွားပြီး ရမန်ဆိုတာကိုတောင်းရတယ်။ ဒီတော့မှသူက ချုပ်ပိုင်ခွင့်ပေးတယ်။ အမှုနဲ့ပတ်သက်ပြီးတော့ ၁၅ ရက်ချုပ်လို့ရတာတွေရှိတယ်။ ၁ လချုပ်လို့ရတာရှိတယ်။ 

ဒီအမှုမျိုးက ၁ လချုပ်ခွင့်ရှိတယ်။ ဒါကြောင့်ကျွန်တော်တို့က ရမန်တောင်းပြီး ဒီကြားထဲမှာရဲလုပ်ငန်းတွေကိုပြီးအောင်လုပ်ရတယ်။ ရမန်ပြည့်တဲ့အချိန်ကျရင် တရားစွဲတင်ရတယ်။ “ ဟု ဗဟန်းမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းကပြောသည်။ ထို့ပြင် သေဆုံးသူ မတေးနုယဉ်၏ ဆေးစစ်ချက်မှာ ထွက်ရှိနေပြီး ဖြစ်သော်လည်း ၄င်းအနေဖြင့် ပြောဆိုခွင့်မရှိသဖြင့် ပြော၍မရနိုင်ကြောင်း၊ ၄င်းအဖြေကို လက်ထောက်မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းထွဋ်က တရားရုံးတွင် သက်သေခံမည် ဖြစ်သဖြင့် တရားခွင်တွင် မည်သူမဆိုလာရောက် ကြားနာနိုင်ကြောင်း ၄င်းကဆက်လက်ပြောသည်။

“ အခုရတဲ့ဆေးစစ်ချက်ကတော့ အဓိကသေဆုံးသွားသူ မတေးနုယဉ်ရဲ့ဆေးစစ်ချက်ဖြစ်ပါတယ်။ 

မင်းအုပ်စိုးရဲ့ဆေးစစ်ချက်ကတော့ မရသေးပါဘူး။ ရှေ့တစ်ပတ်ထဲမှာ ရမယ်။ ဆေးစစ်ချက်ကတော့ထွက်ပါပြီ။ ဆေးစစ်ချက်ကိုတော့ ကျွန်တော်တို့ပြောပိုင်ခွင့် မရှိပါဘူး ။ ဒါကို လက်ထောက်မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းထွဋ်က တရားရုံးမှာသက်သေခံပါလိမ့်မယ်။ သူသက်သေခံတဲ့အခါမှာ မည်သူမဆိုတရားခွင်မှာ ၀င်ရောက်ပြီးကြားနာနိုင်ပါတယ်။ ကျွန်တော်နဲ့အနေနဲ့ကတော့ ဒီအမှုကိုအမှန်အတိုင်းစစ်ဆေးပေးမယ်။ တရားရုံးမှာတရားစွဲပေးမယ်လို့ ပြောချင်ပါတယ်။ “ ဟုပြောသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးသည် ၄င်းနှင့်အတူနေညီမ၀မ်းကွဲတော်စပ်သူ မနုနုယဉ် ( ခ ) တေးနုယဉ်( ၃၃ )နှစ်အား လူမှုရေးကိစ္စမေးမြန်းရာမှ စကားများကာ ထိုးကြိတ်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်လွန်ကာ သေဆုံးသွားခဲ့သည်ဟုဆိုကာ ဗဟန်းရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း သိရသည်။ 
သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းရဲစခန်းက ( ပ ) ၅၁၉ / ၁၄ ဖြင့် အမှုဖွင့်ကာစစ်ဆေးနေကြောင်း သိရသည်။

The Street View , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment