Pages

Friday, November 21, 2014

မြန်မာငွေတန်ဖိုးကျမှု အခြေအနေဆိုးလာ၊ ပြည်ပပို့ကုန်ရငွေ (Earning) တစ်ဒေါ်လာလျှင် ကျပ် ၁၀၇၀ မှ ၁၀၇၅ အတွင်းသို့ ရောက်ရှိ

RangonNewsDaily:: November . 20 .2014 
သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ အခြေအနေ ပိုမိုဆိုးလာခဲ့ပြီး ယခုအခါ ပြည်ပပို့ကုန်မှရငွေ Earning တန်ဖိုးမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က အမေရိကန်တစ်ဒေါ်လာ ကျပ် ၁ဝ၇ဝ မှ ကျပ် ၁ဝ၇၅ အတွင်း ရောက်ရှိလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိသည်။
၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၈၂၄ ကျပ်ရှိခဲ့သည်။ ယင်းနောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် တစ်ဒေါ်လာ ၈၄၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာတွင် တစ်ဒေါ်လာ ၉၇၆ ကျပ် ပေါက်ဈေးရှိခဲ့သည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင်မူ အမေရိကန်တစ်ဒေါ်လာ ၁ဝ၇ဝ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ပို့ကုန်မှရသည့် ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ကျပ် ၁ဝ၇ဝ မှ ၁ဝ၇၅ ကျပ်အတွင်းထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တစ်ဒေါ်လာ ကျပ် ၁ဝ၇ဝ အထိ မြင့်တက်ခဲ့သည့်အတွက် ရက်ပိုင်းအတွင်း၌ပင် မြန်မာကျပ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာဖြင့် နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ နိုင်ငံတကာတွင် သုံးရာခိုင်နှုန်းဝန်းကျင်သာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရသစ် လက်ထက်အတွင်း နှိုင်းယှဉ်တွက်ချက်မည်ဆိုပါက မြန်မာငွေတန်ဖိုးမှာ ၂ဝ၁၂ ခုနှစ်ကတန်ဖိုးဖြင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း ၃ဝ နီးပါးအထိ ထိုးဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

အမေရိကန်ဒေါ်လာဖြင့် နှိုင်းယှဉ်သဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျခြင်းမဟုတ်ဘဲ အခြားသော စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်းတန်ဖိုးများဖြင့် နှိုင်းယှဉ်လျှင်လည်း မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ ပေါ်လွင်လျက်ရှိသည်။

စင်ကာပူဒေါ်လာ တစ်ဒေါ်လာလျှင် ယခင်ရက်ပိုင်းအတွင်းက ၇၈၉ ကျပ်သာရှိရာမှ ယခုနိုဝင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာ ၈၂၅ ကျပ်အထိ ခုန်တက်လာခဲ့ပြီး မြန်မာကျပ်ငွေမှာ စင်ကာပူဒေါ်လာဖြင့် နှိုင်းယှဉ်လျှင်လည်း ရက်ပိုင်းအတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ထိုင်းဘတ်ဖြင့် နှိုင်းယှဉ်လျှင်လည်း ယခင်လပိုင်းအတွင်းက တစ်ဘတ်လျှင် ၂၉ ကျပ်၊ ကျပ် ၃ဝ ဝန်းကျင် ပုံမှန်ရှိနေရာမှ ယခုနိုဝင်ဘာ ၁၈ ရက်တွင် တစ်ဘတ်လျှင် ၃၂ ဒသမ ၅ ကျပ်သို့ မြင့်တက်ခဲ့ရာ မြန်မာကျပ်ငွေတန်ဖိုးမှာ ဘတ်ဖြင့်နှိုင်းယှဉ်လျှင်လည်း ၈ ရာခိုင်နှုန်းနှင့်အထက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်မှုလိုငွေပြခြင်းက မြန်မာငွေတန်ဖိုး ကျဆင်းရခြင်း အကြောင်းရင်းတစ်ခုအနေဖြင့် ရှိနေပြီး ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်အထိ သုံးစွဲထားပြီး ပို့ကုန်မှအမေရိကန်ဒေါ်လာ ငါးဘီလျံသာ ရရှိသည့်အတွက် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာသုံးဘီလျံအထိ ရှိလာခဲ့ကြောင်း သိရသည်။

EMG , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment