Pages

Friday, November 21, 2014

ခရိုင်အုပ်ချုပ်ရေးမှုးခြိမ်းခြောက်သဖြင့် ကန်ကြီးဗလီဖျက်ခွင့် လက်မှတ်ထိုးရပြီ


RangonNewsDaily:: November . 20 .2014
အကြောင်းမဲ့ပိတ်သိမ်းခံထားရသည့် ကန်ကြီးဗလီဝတ်ကျောင်းတော်အား ကန်ထရိုက်ပေးကာဖြိုဖျက်ရန်အတွက် အထွေထွေလုပ်ပိုင်ခွင့်(general power)လွဲအပ်ကြောင်းလက်မှတ်ကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်ရေးထိုးပေးခဲ့ ရကြောင်း အမည်မဖေါ်လိုသည့်ဒေသခံအချို့က Myanmar Muslim Media သို့ပြောသည်။
အကြောင်းမဲ့ပိတ်သိမ်းခံထားရသည့် ရမည်းသင်းမြို့ ကန်ကြီးဗလီဝတ်ကျောင်းတော်အား ကန်ထရိုက်ပေးကာဖြိုဖျက်ခွင့်ကို သဘောတူကြောင်းနှင့် လုပ်ကိုင်ခွင့်ပေးကြောင်း ဂျန်နရယ်ပါဝါ လွှဲအပ်ရန် ဒေသခံအစ္စလာမ်ဘာသာဝင်အချို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက နိုဝင်ဘာ ၁၉ ရက်နေ့တွင် ခြိမ်းခြောက်ဖိအားပေးခဲ့သဖြင့် လက်မှတ်ရေးထိုးပေးခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူအချို့က ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်ယနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိကြာမြင့်ခဲ့သည့် အစည်းအဝေးသို့တက်ရောက်သည့်အစ္စလာမ်ဘာသာဝင် ၄ ဦးက အကြပ်ကိုင်မှုကြောင့် ကန်ကြီးဗလီဖျက်သိမ်းမှုကိုကန့်ကွက်ရန်မရှိကြောင်း လုပ်ပိုင်ခွင့်ကို လွဲအပ်ကြောင်းတို့ကို ဖိအားပေးစေခိုင်းမှုကြောင့် ပြုလုပ်ပေးခဲ့ရကြောင်းနှင့်အဆိုပါလက်မှတ်ရေးထိုးခြင်းကို သက်သေခံအဖြစ် မြို့နယ် အိုလမာသာသနာ့ပညာရှင်များအဖွဲ့မှ ပုဂ္ဂိုလ် ၃ ဦးကဆောင်ရွက်ပေးခဲ့ရကြောင်း အထက်ပါအစည်းအဝေးသို့တက်ရောက်ခဲ့ရသူတစ်ဦးကပြောသည်။
::
“မင်းတို့လက်မှတ်မထိုးရင်မပြန်ရဘူး။မင်းတို့ကို အရေးယူမယ်လို့ မောင်တောဘက်ကပြောင်းလာတဲ့ ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်မြင့်စိုးက ခြိမ်းခြောက်တယ်”ဟု အမည်မဖေါ်လိုသည့် ကိုယ်တွေ့ကြုံသူတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀ ကျော်ကတည်းက အစဉ်အဆက်ဝတ်ပြုလာခဲ့သည့် ကန်ကြီးဗလီဝတ်ကျောင်းတော်ကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗလီဝတ်ကျာင်းတော်အား အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ၀တ်ပြုခွင့်ရုပ်သိမ်းကြောင်း အာဏာပိုင်အချို့က သတင်းပေးပြီးနောက် ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။
::
ကန်ကြီးဗလီဝတ်ကျောင်းတော်အား ချိတ်ပိတ်သိမ်းပြီးနောက်တွင် ရွှေစည်းခုံဘုရားပိုင်နက်တွင် ဗလီကျုးကျော် ဆောက်လုပ်ထားသည်ဟု ဆိုကာ ဖျက်သိမ်းရန်အထိ ဆက်လက်ဖိအားပေးနေခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

“တရားတော်အရ ဖျက်ခွင့်လည်းမရှိဘူး၊ဖျက်ဖို့လက်မှတ်ထိုးပေးရင်လည်း သမိုင်းတရားခံဖြစ်မယ်။ဘယ်သူမှလည်းသဘောတူမှာမဟုတ်ဘူးဆိုပြီး ငြင်းကြသေးတယ်။ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်မထိုးရင်မင်းတို့မပြန်ရဘူး။မင်းတို့လက်မှတ်ထိုးမှ ငါက ဘုန်းကြီးတွေကိုသွားလျှောက်ရမယ်။”လို့လည်းပြောတယ်ဟု အစည်းအဝေးတက်ရောက်သည့် အမည်မဖေါ်လိုသူ အခြားသူတစ်ဦးကလည်းပြောသည်။
::
ကန်ကြီးဗလီဝတ်ကျောင်းတော်သည် ရမည်းသင်းမြို့၊ ဗမာမွတ်စလင်မ်ရပ်ကွက် အနောက်ပိုင်း(ဗမက အနောက်)၊မနော်ဟရီလမ်းတွင်တည်ရှိပြီး အင်းဝခေတ်ကာလကတည်းက ကန်ကြီးဗလီဝတ်ကျောင်းတော်နေရာတွင် ဗလီဝတ်ကျောင်းတည်ရှိခဲ့ကြောင်း ဒေသခံများအစဉ်အဆက်ထိန်းသိမ်းခဲ့သည့် မှတ်တမ်းများအရသိရသည်။
::
အကြောင်းမဲ့ပိတ်သိမ်းခံထားရသည့် ကန်ကြီးဗလီဝတ်ကျောင်းတော်အား နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်ဖျက်သိမ်းရေးအတွက် ရမည်းသင်း မ.ဘ.သ အဖွဲ့က ဆုံးဖြတ်ကြောင်း ဥက္ကဌဆရာတော် ဦးစန္ဒောဘာသာက ဌင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ရေးသားဖေါ်ပြထားမှုရှိသော်လည်း Myanmar Muslim Mediaမှ နောက်ဆုံးစုံစမ်းသိရှိရချက်အရ အထက်ပါရက်တွင် စတင်ဖြိုဖျက်ရန်ကို အာဏာပိုင်များက ခွင့်မပြုကြောင်းသိရသည်။

Photo ::ရမည်းသင်းမြို့ ရှိ ကန်ကြီးဗလီဝတ်ကျောင်းတော်(၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်)

Myanmar Muslim Media ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment