Pages

Friday, November 21, 2014

အာရှဒေသရှိ လူ ၂၃ သန်း ကျော် ကျွန်ပြု ခိုင်းစေခံရလျက်ရှိ

RangonNewsDaily:: November . 20 .2014
အာရှဒေသရှိ လူ ၂၃ သန်းကျော်တို့သည် မျက်မှောက်ခေတ် ကျွန်စနစ်၏ သားကောင်များအဖြစ်သို့ ရောက်ရှိနေကြသည်ဟု နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက် အသစ်တစ်ခုတွင် ဖော်ပြခဲ့သည်။
ဩစတြေးလျနိုင်ငံ အခြေစိုက် Walk Free ဖောင်ဒေးရှင်းက ကမ္ဘာအနှံ့ ပြုလုပ်ခဲ့သော လေ့လာချက်တစ်ခုအရ လူကုန်ကူးမှုများ၊ လုပ်သားများကို အတင်းအဓမ္မ ခိုင်းစေခြင်းများ၊ ကလေးသူငယ်များအပေါ်တွင် အမြတ်ထုတ် အသုံးချနေခြင်းများ ပါဝင်သော မျက်မှောက်ခေတ် ကျွန်စနစ်သည် ကမ္ဘာ တစ်ဝှမ်းလုံးတွင် တိုးမြင့် ပျံ့နှံ့လျက်ရှိသည်။ အာရှဒေသရှိ အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်နိုင်ငံများတွင် အဆိုးရွားဆုံးသော ကျွန်ပြုခိုင်းစေသည့် ကိစ္စရပ်များရှိနေသည်။

လက်ရှိကာလတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကျွန်ပြု ခိုင်းစေခံထားရသော လူပေါင်း ၃၅ ဒဿမ ၈ သန်းခန့် ရှိနေသည်။ ၎င်းတို့ကို ဖုံးကွယ်နေသော အမှုအခင်းများအဖြစ် နိုင်ငံတိုင်းတွင် တွေ့ရှိရပြီး ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်လည်း ဖြစ်ပွားနေသည်။

Walk Free ဖောင်ဒေးရှင်း၏ လေ့လာချက်အရ ခေတ်သစ် ကျွန်စနစ်၏ အလေ့အထများကို အထည်အလိပ် လုပ်ငန်းများမှ စ၍ သတ္ထုတူးဖော်ရေးနှင့် စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းများအထိ ပါဝင်သည့် ကဏ္ဍစုံလုပ်ငန်းများတွင် တွေ့ရှိခဲ့ရသည် ဟု သိရသည်။

ထို့ပြင် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံမှ လွဲ၍ အခြားသော ကမ္ဘာ နိုင်ငံတိုင်းသည် ယခုကဲ့သို့ ကျွန်စနစ်၏ ပုံစံတစ်ချို့ကို ပြစ်မှုအဖြစ် ပြဌာန်းသတ်မှတ်ထားသော်လည်း အစိုးရအားလုံး စုပေါင်းဆောင်ရွက်သည့် အရေးယူမှုမျိုး မရှိသေးဟု ၂၀၁၄ ခုနှစ် တစ်ကမ္ဘာလုံး ကျွန်ပြုနှိပ်စက်ခြင်းဆိုင်ရာ အညွှန်းကိန်းက ဖော်ပြနေသည်။

ယခု ဖော်ပြချက်အရ အိန္ဒိယနိုင်ငံတွင် ကျွန်ဘ၀သို့ ရောက်ရှိနေသော လူပေါင်း ၁၄ သန်းဖြင့် မျက်မှောက်ခေတ်၏ ကျွန်ပြုခိုင်းစေခြင်း ဆိုင်ရာ ကိစ္စရပ် အများဆုံး ရှိနေသည်ဟု သိရသည်။ အိန္ဒိယ ပါကစ္စတန်နှင့် တရုတ်တို့ရှိကျွန်ပြုမှုအရေအတွက်က တစ်ကမ္ဘာလုံးတွင်ရှိသည့် ကိန်းဂဏာန်းများ၏ တစ်ဝက်ကျော် ပိုများနေသည်။

ယင်း ပြဿနာရပ်ကို ကိုင်တွယ်ဖြေရှင်းရန် အတွက် နိုင်ငံများစွာက အစီအစဉ်များ ချမှတ် ဆောင်ရွက်လာသော်လည်း အာရှ ဒေသရှိ ကြွယ်ဝချမ်းသာသည့် နိုင်ငံအချို့က ယခုကိစ္စတွင် သိသိသာသာ ပါဝင်လုပ်ဆောင်ခြင်း မရှိသည့်အတွက် ဝေဖန်ခံနေရသည်။

ယခု ဖော်ပြချက်ကို ထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ထင်ပေါ်ကျော်ကြားသူများက ထောက်ခံခဲ့ကြပြီး ထိုကဲ့သို့ ကျွန်စနစ် ပပျောက်စေရေးအတွက် အားလုံးပါဝင်သည့် စုစည်းဆောင်ရွက်မှုများကို အရှိန်မြင့် ဆောင်ရွက်သွားကြရန် ရည်ရွယ်ထားသည်။


စီအင်အေ (စင်င်္ကာပူ) , mizzima , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment