Pages

Saturday, November 22, 2014

တရုတ်ကုန်သည်များက နာမည်ပျက်စာရင်း အသွင်းခံကာ ဈေးကွက်ပျက်အောင် ပြုလုပ်နေသဖြင့် ပြည်တွင်းကျောက်စိမ်းကုန်သည်အချို့ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြ

RangonNewsDaily:: November . 22 .2014
မြန်မာနိုင်ငံတွင်ပြုလုပ်သော ကျောက်စိမ်းပြပွဲများတွင် တရုတ်ကုန်သည်များ ဈေးအမြင့်ဆုံးပေး လေလံဆွဲယူကြပြီး နာမည်ပျက်စာရင်း အသွင်းခံကာ ရွေးယူခြင်းမရှိဘဲ ဈေးကွက်ပျက်အောင် လုပ်နေကြသဖြင့် ကျောက်စိမ်းဈေးကွက် ပျက်လာခြင်းကြောင့် ပြည်တွင်းကျောက်စိမ်းကုန်သည်အချို့ လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာကြကြောင်း သိရသည်။
“ပြပွဲတွေမှာ လေလံဝင်ဆွဲတဲ့ တရုတ်ကုန်သည် ၈၀ ရာခိုင်နှုန်းက ကုန်သည် မစစ်ပါဘူး။ အရှုံးခံပြီး တခြားနိုင်ငံတွေထက် ဈေးပိုပေးဆွဲပြီးတော့ ကျောက်လာမရွေးဘဲ နာမည်ပျက်စာရင်း အသွင်းခံလိုက်ကြတယ်။အဓိက ကတော့ ကျောက်စိမ်းဆိုတာ တရုတ်နိုင်ငံက ထွက်တယ်လို့ ကမ္ဘာကသိထားတဲ့ သဘောမျိုးဖြစ်နေတော့ ပြည်ပကို လုံးဝအထွက်မခံဘူး။

 နောက်ပြီး မန္တလေးဈေးကွက်ရော၊ ဂျယ်ခေါင် ရွှေလီဈေးကွက်မှာပါ လုံးဝဈေးပေး မ၀ယ်တော့ဘဲ ကျောက်စိမ်းဈေးကွက်ကို ဖျက်ဆီးနေတာ။ အခု ကျောက်စိမ်းနဲ့ ရပ်တည်လို့မရတော့လို့ ကျွန်တော်ဆိုရင် တခြားလုပ်ငန်း ပြောင်းလုပ်ကိုင်နေပါပြီ” ဟု Royal Uniter ကျောက်စိမ်းကုမ္ပဏီမှ ဦးအောင်နိုင်လင်းက သုံးသပ်ပြောကြားသည်။

ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော (၅၁)ကြိမ်မြောက် အင်ပိုရီယံ ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၆၀၀၀ ပြသခဲ့ပြီး ၁၁၀၀၀ ခန့် ရောင်းချခဲ့ရကြောင်း သိရသည်။

သို့ရာတွင် ၂၀ ရာခိုင်နှုန်းသာ ပစ္စည်းလာရောက်ရွေးယူကြကြောင်းနှင့် နိုဝင်ဘာလကုန် နောက်ဆုံးရွေးရန် သတ်မှတ်ထားသော်လည်း ကုန်သည်များ ငွေကြေးအခက်အခဲရှိသည်ဟုဆိုသဖြင့် ဒီဇင်ဘာလအထိ ထပ်တိုးပေးထားသည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော အကြိမ် (၅၀)မြောက် ပြပွဲတွင်လည်း ယခုကဲ့သို့ပင် တရုတ်ကုန်သည်အများစုမှ ဈေးပေးဝယ်ပြီး လာရောက်မရွေးခဲ့ဘဲ ပြုလုပ်ခြင်းမျိုးရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခုတစ်ကြိမ်တွင် လေလံဆွဲရန် ငွေပေါင်တင်ရန် တန်ဖိုးမြင့်ခဲ့သော်လည်း အရှုံးခံပြီး ပြုလုပ်နေဆဲဖြစ်ကာ ကျောက်စိမ်းဈေးကွက်ကို လုံးဝပျက်စီးအောင် ပြုလုပ်နေသည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ဝေဖန်နေကြသည်။

အောက်တိုဘာလအတွင်း နေပြည်တော်၌ပြုလုပ်ခဲ့သော ပြည်တွင်းပြပွဲနောက်ပိုင်းတွင်လည်း ကျောက်စိမ်းဈေးကွက်အခြေအနေမှာ လုံးဝကောင်းမွန်လာခြင်း မရှိသေးကြောင်း နှင့် အမှန်တကယ် ဈေးကွက်မကောင်းခြင်းကြောင့် လေလံဆွဲထားသော ကျောက်ကိုမရွေးနိုင်ခြင်းမျိုးလည်းရှိကြောင်း သိရသည်။

“အခုဆို နှစ်ကြိမ်ရှိသွားပါပြီ။ မြန်မာပြည်က ကျောက်စိမ်းကို သူတို့လက်ထဲက တစ်ဆင့်မသွားဘဲ ပြည်ပကိုမထွက်အောင် ထိန်းနေတာ။ ၀ိုင်းထဲမှာလာဝယ်တဲ့ တရုတ်ကလည်း မှော်ထဲက(ဖားကန့်၊ ဆိုင်းတောင်) ပေးဝယ်ရတဲ့ဈေးလောက်တောင် ပေးမ၀ယ်မှတော့ ကျောက်အ၀င်ရှိလည်း အလကားပဲ။ ဈေးကွက်ကပျက်နေပြီ”ဟု မဟာအောင်မြေ ကျောက်မျက်ဈေးအတွင်းက ကုန်သည်တစ်ဦးက ဆိုသည်။


eleven , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment