Pages

Saturday, November 22, 2014

ဦးအောင်သောင်းကို ကြောက်နေရတဲ့ ၀ီရသူအကြောင်း ရွှေဝါရောင်တော်လှန်ရေးခေါင်ဆောင် ဦးဂမ္ဘီရ ဖွင့်ချ


RangonNewsDaily:: November . 22 .2014
ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကို အဓိကဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရ(ခေါ်ါ်) ဦးညီညီလွင်က ဘာသာရေး လူမျိုးရေး မုန်းတီးမှုတွေ လှုံ့ဆော်နေတဲ့ ဦးဝီရသူနဲ့ ဦးအောင်သောင်းတို့အကြောင်းကို ဖောက်သည်ချထားပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ သံဃာတွေကို ဦးဆောင်မှုနဲ့ ဦးဂမ္ဘီရဟာ ထောင်ဒဏ် ၆၈ နှစ်ကျ ခံခဲ့ရပါတယ်။ စစ်သားတစ်ပိုင်း အရပ်သားအစိုးရ တက်လာတဲ့အချိန် ၂၀၁၂ ခုနှစ်အစောပိုင်းမှာ နိုင်ငံတကာရဲ့ ဖိအားပေးမှု ကြောင့် ဦးဂမ္ဘီရ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူပြန်လွတ်လာတဲ့ အဲဒီ ၂၀၁၂ ခုနှစ်မှာပဲ ရခိုင်ပြည်နယ်ကစလိုက်တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ပဋိပက္ခမီးပွားတွေဟာ ပြည်မကိုပါ ကူးဆက်လောင်ကျွမ်းခဲ့ပါတယ်။

ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကတော့ စစ်အာဏာရှင်တွေဖြစ်ပြီး ဒီလို ဘာသာရေး အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေဖို့ သူတို့က အဓိကအခန်းကဏ္ဍကနေ ကစားကွက်ဖေါ်ခဲ့တာဖြစ်တယ်လို့ ဦးဂမ္ဘီရက ယုံကြည်ပါတယ်။

“ငြိမ်းချမ်းရေးမရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီရဖို့လည်း ခက်ခဲသွားပါလိမ့်မယ်”လို့ ဦးဂမ္ဘီရက ပြောပါတယ်။
“ဒီကိစ္စကို ဗိုလ်ချုပ်ကြီးတွေ ဘယ်လို ထိန်းသိမ်းလည်းဆိုတာကိုပဲကြည့်ပါ၊ သူတို့က နိုင်ငံရေးအရ ဖြေရှင်းတာကို စိတ်မ၀င်စားဘူး။ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ ဖန်တီးနေတာက အစိုးရပဲ၊ ၂၀၁၃ ခုနှစ်က မိတ္ထီလာမှာဖြစ်သွားတာကလည်း ဒေသခံတွေနဲ့ဖြစ်တာမဟုတ်ဘူး၊ တခြားနေရာကလူတွေလာပြီး တိုက်ခိုက်အကြမ်းဖက်ကြတာပါ” လို့ သူကဆိုပါတယ်။

အထူးသဖြင့် မွတ်စလင်တွေကိုဆန့်ကျင်တဲ့ မုန်းတီးရေးစကားတွေ ကောလဟလတွေ ဖြန့်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ကြားမှာ တင်းမာမှုတွေဖြစ်ပွားစေဖို့ လှုံ့ဆော်သူအဖြစ် ထင်ရှားတဲ့ ဦးဝီရသူကို သူက ပြစ်တင်ရှုတ်ချပါတယ်။

“သူက ကုလားအကြောင်း ထည့်ဟောလိုက်တာနဲ့ သိပ်မကြာခင်မှာပဲ အကြမ်းဖက်မှုတွေ စဖြစ်တော့တာပါပဲ” လို့ ဦးဂမ္ဘီရ ဆိုပါတယ်။
ဦးဂမ္ဘီရက သူနဲ့ ၀ီရသူတို့ တွေ့ဆုံခဲ့တာတွေကို ပြန်ပြောင်းပြောပါတယ်။
“ကျွန်တော်တို့ ထောင်ထဲမှာ တွေ့ခဲ့ကြတယ်၊ အဲဒီတုန်းက ၀ီရသူကလည်း မန္တလေးထောင်မှာ ရှိနေတယ်၊ ထောင်ထဲမှာ ကျွန်တော်တစ်ယောက်ထဲရှိနေချိန် သူက စာရေးပြီး ကျွန်တော့်ရဲ့ အခြေအနေကို လှမ်းမေးပါတယ်၊ ကျွန်တော် ထောင်ကလွတ်လာတော့လည်း သူ့ကို တစ်ကြိမ်မက သွားတွေ့ပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ သဘောထားကွဲလွဲမယ့် ကိစ္စတွေကို မဖန်တီးဖို့နဲ့ အဲဒါမျိုးလုပ်ရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။”

အဲဒီတုန်းက ၀ီရသူကလည်း အစိုးရအရာရှိတွေနဲ့ မပြီးပြတ်သေးတဲ့ ဆက်ဆံရေးတွေရှိနေတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

“ကျွန်တော် ၀ီရသူကို သွားမတွေ့ခင် သူက ဦးသန်းရွှေရဲ့ အနီးကပ်အကြံပေး ဦးအောင်သောင်းနဲ့ တွေ့ခဲ့တယ်၊ ကျွန်တော်နဲ့ တွေ့တဲ့အချိန်မှာတော့ ၀ီရသူက အနာဂတ်မှာ သူဒီလိုမျိုး ပြဿနာတွေကို မဖန်တီးတော့ပါဘူးလို့ ဆိုတယ်၊ ဒါပေမယ့် သူက ဦးအောင်သောင်းကိုတော့ လစ်လျူရှုလို့မရဘူးလို့ ပြောတယ်၊ ၀ီရသူက ဦးအောင်သောင်း အမိန့်ကို မနာခံဘူးဆိုရင် နောက်တစ်ကြိမ် အဖမ်းခံရမှာကို စိုးရိမ်နေတယ်၊ ဒါကြောင့် လူမျိုးရေးပြဿနာတွေမှာ ၀ီရသူ ပါဝင်ပတ်သက်နေတာပဲဖြစ်တယ်” လို့ ဦးဂမ္ဘီရက ဆိုပါတယ်။

ဦးဂမ္ဘီရ ပြောတာတွေသာ အမှန်ဖြစ်ခဲ့ရင် ဗုဒ္ဓဘင်လာဒင်လို့ ခေါ်တဲ့ ၀ီရသူကိုယ်တိုင်က သူဟာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဆူပူမှုတွေကို ဖန်တီးဖို့အတွက် အစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ရှိနေတယ်လို့ ၀န်ခံနေတာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ် ဧပြီလမှာ ၀ီရသူနဲ့ အောင်သောင်းတို့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပေါ်လာတာဆိုတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ပါတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ီရသူကို ဆက်သွယ်မေးမြန်းရာမှာတော့ သူက ဦးအောင်သောင်းနဲ့တွေ့ဆုံတာ မှန်ပေမယ့် ဦးဂမ္ဘီရရဲ့ ပြောဆိုချက်ကိုတော့ ငြင်းပယ်ပါတယ်။

ပြီးခဲ့တဲ့လမှာ အမေရိကန်ပြည်ထောင်စုက ဦးအောင်သောင်းကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်တယ်လို့ ကြေညာပါတယ်။

နိုင်ငံတကာစီးပွားရေးထိန်းချုပ်မှုဆိုင်ရာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ “မြန်မာနိုင်ငံက အပြုသဘောဆောင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီးလုပ်နေတဲ့အနေနဲ့ ဦးအောင်သောင်းဟာ အကြမ်းဖက်မှု၊ ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို ဆက်လက်ဖြစ်ပေါ်စေခဲ့တယ်”လို့ ဖော်ပြထားပါတယ်။

၂၀၁၂ မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာမွတ်စလင်တို့ ပြဿနာဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာကြောင့် ဖြစ်ရတယ်လို့ ဦးဂမ္ဘီရက ဆိုပါတယ်။ ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာ သေဆုံးပြီး ၁သိန်း၎သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အကြမ်းဖက်မှုကြီးကို ဖန်တီးခဲ့တာနဲ့ပတ်သက်ပြီး “ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွေ အများအပြားထွက်တယ်လေ၊ အဲဒါကို သူတို့က ထိန်းချုပ်ချင်တယ်၊ ဒီပြဿနာက စဖြစ်တဲ့အချိန်မှာ ဘာမှမဟုတ်တဲ့ဟာကို သူတို့က စစ်ပွဲတစ်ပွဲ ဖြစ်သွားလောက်အောင် လှည့်ပေးလိုက်တယ်၊ မုဒိမ်းကျင့်တယ်ဆိုတဲ့ လူငယ် ၃ ဦးကို သူတို့ ဖမ်းဆီးနိုင်တာပဲလေ”လို့ ဆိုပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မန္တလေးပဋိပက္ခနောက်ပိုင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားက အကြမ်းဖက်မှုတွေဟာ လျော့ကျသွားစေရေး၊ ပြန်လည်ရင်ကြားစေ့ရေး မျှော်လင်ချက်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ပြဿနာတွေကို စိန်ခေါ်နိုင်ဖို့ တာဝန်ခံမှုနဲ့ အသိပညာပေးမှုက အရေးကြီးပါတယ်လို့ သူကဆိုပါတယ်။

“စေ့စပ်ညှိနှိုင်းလို့ရပါတယ်၊ ဒါပေမယ့် ပြဿနာတစ်ခုရှိတာက လူတွေက ပညာမတတ်တဲ့အခါမှာ စဉ်းစားဥာဏ်နည်းတယ်၊ သူတို့ခေါင်းဆောင်ပြောတဲ့အတိုင်းပဲ လိုက်လုပ်တယ်၊ ဒီလိုအကြမ်းဖက်မှုအားလုံး ချုပ်ငြိမ်းဖို့အတွက် ဘာသာအသီးသီးက ခေါင်းဆောင်တွေ စုပေါင်းပြီး အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် မ.ဘ.သ လို မွတ်စလင်မုန်းတီးရေးအဖွဲ့တွေက ဒါလိုအလုပ်မျိုးကို ဆန့်ကျင်နေကြတယ်” လို့ ဦးဂမ္ဘီရက ပြောကြားသွားပါတယ်။

-------------------
Ref : VICE တွင်ဖော်ပြသော Richard Potter ၏ “Myanmar's Exiled Rebel Monk Reckons He's Still Dangerous” ကို စိုင်ဖုလ္လာဟ်(Myanmar Muslim Media)က ကောက်နုတ်ဘာသာပြန်ဆိုသည်။


Myanmar Muslim Media  , KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment