Pages

Tuesday, October 21, 2014

အီဘိုလာ တိုက်ဖျက်ရေးသည် တစ်ကဗ္ဘာလုံးနှင့် ဆိုင်သော အရေး


RangonNewsDaily:: October . 21 .2014
ခေတ်သစ် သမိုင်း တစ်လျှောက် အဆိုးဆုံး လူသတ် ဗိုင်းရပ်စ် အဖြစ် သတ်မှတ် ထားရသော အီဘိုလာကို တိုက်ဖျက်ဖို့ အရေးသည် တစ်ကဗ္ဘာလုံးနှင့် သက်ဆိုင်သော အရေးဖြစ်ကြောင်း လိုင်ဘေးရီးယား သမ္မတ အလန် ဂျွန်ဆင်ဆာလိဖ်က ပြောကြားလိုက်သည်။
အီဘိုလာသည် နိုင်ငံ နယ်နမိတ်များကို လေးစားသူ မဟုတ်ကြောင်း၊ နယ်မြေဒေသ မရွေးသို့ ကူးစက်ကာ ဒုက္ခ ပေးနိုင်ခြေ ရှိသောကြောင့် အီဘိုလာ တိုက်ဖျက်ရေးသည် တစ်ကဗ္ဘာလုံး ပါဝင်ရမည့် အရေးဖြစ်ကြောင်း လိုင်ဘေးရီးယား သမ္မတက ဘီဘီစီသို့ ပေးပို့သော “ကဗ္ဘာကြီးသို့ ပေးစာ”တွင် တိုက်တွန်း ဆော်သြထားသည်။ ထိုပေးစာကို ဘီဘီစီက ဖတ်ကြားကာ အသံလွှင့် ပေးခဲ့သည်။

အီဘိုလာကြောင့် နိုင်ငံများ စီးပွား ပျက်စီးခြင်း အကျိုးဆက်သည် အာဖရိက လူငယ် မျိုးဆက်များကို ကြီးစွာ ရိုက်ခတ် လာနိုင် ကြောင်းလည်း ၎င်းက သတိပေး ပြောကြားသည်။ မတ်လက စတင် ပြန့်ပွားခဲ့သော အီဘိုလာကြောင့် အနောက် အာဖရိကတွင် လူပေါင်း (၄၅၀၀) ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။ လိုင်ဘေးရီးယားသည် အဆိုးဆုံး ဖြစ်ပြီး လူပေါင်း (၂၂၀၀) ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။ ကူးစက် ခံရသူ စုစုပေါင်း (၉၀၀၀) ကျော်လာပြီ ဖြစ်ပြီး (၇၀) ရာခိုင်နှုန်း သေဆုံးလျက် ရှိသည်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ပရဟိတ အဖွဲ့ကြီးများက တောင်းဆို ထားသော အရေးပေါ် ရန်ပုံငွေ ဒေါ်လာ (၉၈၈) သန်းအနက် သန်း (၄၀၀) သာရရှိသေးသည်။

လိုင်ဘေးရီးယား သမ္မတ၏ “ကဗ္ဘာကြီးသို့ ပေးစာ” တွင် “ချစ်ခင် ရပါသော ကဗ္ဘာကြီး” ဟု အစပြုထားသည်။ အီဘိုလာ တိုက်ဖျက်ရေး အတွက် ကူညီနိုင်သည့် နိုင်ငံတိုင်းက ကူညီကြရန် ပန်ကြားထားသည်။ အရေးပေါ် ရန်ပုံငွေ ဖြစ်စေ၊ ဆေးဘက်ဆိုင်ရာ အကူအညီ ဖြစ်စေ၊ ကျန်းမာရေး ၀န်ထမ်းများ စေလွှတ် ပေးခြင်းဖြင့် ဖြစ်စေ ဘက်ပေါင်းစုံမှ ကူညီကြဖို့ သမ္မတ ဆာလိဖ်က ဆော်သြသည်။

““အီဘိုလာ တိုက်ဖို့ဟာ အနောက် အာဖရိက သားတွေချည်း လုပ်ရမယ့် တာဝန်လို့ မှတ်ယူပြီး ကျန်ကဗ္ဘာသူ ကဗ္ဘာသားတွေက ပစ်မထားကြဖို့ တိုက်တွန်း လိုပါတယ်”” ဟု၎င်းက ပြောသည်။

လိုင်ဘေးရီးယားသည် ပြည်တွင်းစစ် မတိုင်မီ ၁၉၈၀ နှောင်းပိုင်းများက ဆရာဝန် သုံးထောင် နီးပါး ရှိခဲ့ရာမှ ပြည်တွင်း စစ်ပြီးချိန် ၂၀၀၃ ခုနှစ်တွင် ဆရာဝန် သုံးဒါဇင်ခန့်သာ ကျန်ရှိတော့သည်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ကုလသမဂ္ဂက ရန်ပုံငွေ ဒေါ်လာ သန်းတစ်ထောင် မတည်ရန် ရန်ပုံငွေ တစ်ရပ် ဖွင့်လှစ်ထားပြီး ကဗ္ဘာ့နိုင်ငံ အများအပြား ကလည်း ကူညီမည်ဟု ကတိများ ပေးထား ကြသည့်တိုင် ယခုအချိန်ထိ ရန်ပုံငွေသည် ဒေါ်လာ တစ်သိန်းသာ ရသေးကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၀မ်းနည်းစွာ ပြောကြားလိုက်သည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ တုံ့ပြန်ပုံကို အလွန် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအန်နန် ကလည်း ပြောကြားသည်။

““တစ်ကယ်လို့သာ အိဘိုလာဟာ အာဖရိက အနောက်ပိုင်းမှာ မဟုတ်ဘဲ ကဗ္ဘာ့အခြား တစ်နေရာရာမှာ ဖြစ်ပွားခဲ့မယ် ဆိုရင် ကဗ္ဘာ့ အသိုင်းအ၀ိုင်းဟာ ခုလို တုံ့နှေးနေမယ် မထင်ပါဘူး”” ဟု ကိုဖီအန်နန်က ဘီဘီစီ သတင်း ဌာနနှင့် အင်တာဗျူးတွင် ဝေဖန် ပြောကြား သွားသည်။

BBC , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment