Pages

Tuesday, October 21, 2014

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် လုံခြုံရေးအင်အား ထောင်ချီသုံးမည်

RangonNewsDaily:: October . 20 .2014
တောင်ကြီးမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်း ဗုံးပေါက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် ကိုးရက်ကြာ ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ယခင်နှစ်များထက် လုံခြုံရေးအင်အား ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
“လုံခြုံရေးအတွက် မနှစ်က ရဲအင်အား ၈၀၀ သုံးခဲ့ပေမယ့် ဒီနှစ်မှာ တစ်ထောင်ကျော် အင်အားအသုံးပြုဖို့ စီစဉ်ထားတယ်။ ရဲတပ်ဖွဲ့အပြင် သက်ဆိုင်ရာ ဌာနတွေမှာ ရှိတဲ့ ဝန်ထမ်း အင်အားတွေကိုပါ အသုံးပြုသွားမှာပါ၊ အဓိက ဖောက်ခွဲရေးသမားတွေ ဝင်မလာဖို့ ဖြစ်တယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုရဲမှူးကျော်နိုင်က ပြောကြားသည်။

တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော်တွင် တောင်ကြီး မြို့ဝင်မြို့ထွက် ဂိတ်များနှင့် တည်းခိုခန်းများကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးရေးများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
“နှစ်စဉ် ပွဲတော်အချိန်မှာ လာတဲ့ ဧည့်သည်ဦးရေက နှစ်သိန်းလောက် ရှိတယ်။ 


ဒီလထဲမှာတင် တောင်ကြီးမြို့မှာ ဗုံးသုံးကြိမ် ဆက်တိုက်ပေါက်ပြီး မပေါက်သေးတဲ့ ဗုံးနှစ်လုံးပါ တွေ့ခဲ့တယ်။ ဒါကြောင့် လာရောက်တဲ့ ဧည့်သည်တွေ စိုးရိမ်မှု မဖြစ်ပွားရအောင် လုံခြုံရေးကို အထူးတိုးမြှင့်သွားမှာပါ” ဟု တောင်ကြီး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပမည့် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ပြိုင်ပွဲကျင်းပမည် ဖြစ်ပြီး ၇ ရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းအပြင် တောင်ကြီးမြို့ရှိ ရပ်ကွက် ၂၂ ခု တွင်လည်း မီးပဒေသာ အလှဆင်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး ဈေးပွဲတော်များ၊ စတိတ်ရှိုးပွဲများဖြင့် ဖျော်ဖြေရေး အစီအစဉ်များ စီစဉ်ထားကြောင်း မီးပုံးပျံ ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောကြားသည်။


“လုံခြုံရေးကို ပြည်နယ်ရဲတပ်ဖွဲ့က ဒီနှစ် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးသွားမယ်လို့ သိရတယ်။ မီးဘေးအန္တရာယ် အတွက်လည်း ပြိုင်ပွဲဝင်တွေ ယမ်းသုံးစွဲမှုနဲ့ ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ စီစဉ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။


တောင်ကြီး တန်ဆောင်တိုင် ပွဲတော်အတွက် နေ့အရုပ် ၁၉၇ လုံး၊ ညမီးကြီး ၈၄ လုံး၊ စိန်နားပန် ၃၅ လုံးတို့ဖြင့် ပြိုင်ပွဲဝင်မည် ဖြစ်ကြောင်း၊ ပွဲတော် ပိုမိုစည်ကားစေရန် Iron Cross တေးဂီတအဖွဲ့ကို ငှားရမ်းထားကြောင်း တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။


“လုံခြုံရေးအတွက် တည်းခိုခန်းနဲ့ မြို့ဝင်မြို့ထွက်တွေမှာ CCTV တွေ တပ်ဆင်ထားဖို့ ညွန်ကြားနေပါတယ်၊ ဧည့်သည်တွေ တည်းခိုနေထိုင်ဖို့ အခက်အခဲ မဖြစ်ရအောင် မြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို တည်းခိုခွင့်ပြုပေးဖို့ အကူအညီ တောင်းထားတယ်” ဟု တောင်ကြီး မြို့မရဲစခန်းမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။


ပြီးခဲ့သော အောက်တိုဘာလ ၄ ရက်နေ့က တောင်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးများအနီးတွင် နာရီပိုင်းအတွင်း ဗုံးသုံးကြိမ် ပေါက်ကွဲခဲ့ရာမှ ယာဉ်ထိန်းရဲနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးနှစ်လုံးကို ထပ်မံ တွေ့ရှိခဲ့သော်လည်း ဗုံးပေါက်ကွဲမှုဖြင့် သံသယရှိသူဟု ယူဆရသူများကို အောက်တိုဘာလ ၁၉ ရက်နေ့အထိ မဖမ်းမိသေးကြောင်း တောင်ကြီးမြို့ အမှတ် (၂) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment