Pages

Tuesday, October 21, 2014

ကမ္ဘာ့လက်ဆေးပွဲတော်နေ့



RangonNewsDaily:: October . 20 .2014
လူသားများအား လက်များကို စနစ်တကျ ပုံမှန် 
ဆေးကြောတတ်သည့် အလေ့အကျင့်ပြုလုပ် ပေးခြင်းဖြင့် နေ့စဉ် ကလေးပေါင်းများစွာတို့၏အသက် ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ အား လက်သန့်ရှင်းရေးအလေ့အထ စနစ်တကျပြုလုပ် ပေးပါက ဝမ်းလျှောဝမ်းပျက်၊ နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်ပွားမှုတို့သည် ၄၄ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် တိုက်တွန်းဆော်သြ ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ယင်းတိုက်တွန်းဆော် သြချက်ကို အလေးထားသောအားဖြင့် ကုလသမဂ္ဂကလေး များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က အောက်တိုဘာ ၁၅ရက် နေ့ကို ''ကမ္ဘာ့လက်ဆေးကြောရေးနေ့'' (Global Hand Washing Day) အဖြစ် သတ်မှတ်ခဲ့၏။ 

ဤသို့ဖြင့် ကမ္ဘာ တစ်ဝန်းတွင် ''ကမ္ဘာ့လက်ဆေးကြောရေးနေ့''သည် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ပထမဆုံးအကြိမ် အဖြစ် ပေါ်ပေါက်လာခဲ့၏။


ကမ္ဘာ့လက်ဆေးကြောရေးနေ့ သတ်မှတ်ရခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများသို့ ယူနီဆက်ဖ်၏ ထိုစဉ်က ကျိုးကြောင်းရှ င်းလင်းတင်ပြခဲ့ချက်များကိုလည်း ဤသို့ တွေ့ရ၏။


ကမ္ဘာ့လက်ဆေးကြောရေးနေ့မှတစ်ဆင့် နေ့စဉ် လက်များကို စင်ကြယ်စွာဆေးကြောခြင်းအလေ့အထကို စွဲမြဲစေခြင်းဖြင့် အာရှတိုက်နှင့် အာဖရိကတိုက်ရှိ ကလေး သူငယ်ပေါင်းများစွာတို့၏ အသက်အန္တရာယ်ကို ကယ် တင်ရာ ရောက်ပေမည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအား ဖြင့် ခြုံငုံစစ်တမ်းကောက်ကြည့်လျှင် ဝမ်းနှင့်ပတ်သက် သော ရောဂါများကြောင့် နေ့စဉ် ကလေးသူငယ် ၅ဝဝဝ ခန့် သေဆုံးနေကြရသည်။ 

ကလေးသူငယ်များအား အစာ မစားမီ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြော ရန်နှင့် အိမ်သာတက်ပြီးနောက် လက်များကို ဆေးကြော ရန် လေ့ကျင့်ပေးခြင်းဖြင့် ဝမ်းနှင့်ပတ်သက်သောရောဂါ များ ကင်းဝေးပြီး ကလေးသူငယ်သေဆုံးမှု ထက်ဝက်မျှ လျှော့ချနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့လက်ဆေးကြောရေးနေ့ကျင်းပပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အညစ်အ ကြေးကင်းစင်ရေးကို တွန်းအားပေးဆောင်ရွက်ရာရောက် ပေသည်။ လက်များကို စင်ကြယ်စွာဆေးကြောနေထိုင် တတ်သည့်ဓလေ့ကို ကလေးသူငယ်များနှင့် မိသားစုများ လူမှုအသိုင်းအဝိုင်းများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်လုပ်ဆောင်ပေးသွားရန် လိုအပ်ပေ သည်။

ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆ဝကျော်တို့ရှိ ကျန်းမာ ရေးဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ အနေဖြင့် စာသင်ကျောင်းများသို့သွားရောက်ကာ ကျောင်း သားလူငယ်ကလေးများအား လက်ဆေးကြောခြင်းအပါ အဝင် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ကျန်းမာရေး ပညာပေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သွားကြရန် လိုအပ်သည်။ 

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စ တန် စသော အာရှတိုက်နိုင်ငံများ၌ ကလေးသူငယ်များ လက်ဆေးကြောရေးလုပ်ငန်းစီမံချက်ကို ပိုမိုအလေးပေး လုပ်ဆောင်သင့်ပါသည်။ အနောက်အာဖရိကတွင် သေ ဆုံးလျက်ရှိကြသည့် ကလေးငယ် သုံးပုံတစ်ပုံမှာ တစ် ကိုယ်ရေသန့်ရှင်းရေး အားနည်းချက်ကြောင့်ဖြစ်ကြောင်း ယူနီဆက်ဖ်အဖွဲ့မှ စိစစ်တွေ့ရှိခဲ့ရ၍ ကမ္ဘာ့လက်ဆေး ကြောရေးနေ့လှုပ်ရှားမှုများကို အလေးထားလုပ်ဆောင် ကြပါရန် တိုက်တွန်းထားသည်ကို တွေ့ရှိခဲ့ရပါသည်။

ကျွန်ုပ်တို့မြန်မာလူမျိုးများ၏ စနစ်တကျလက်ဆေး ကြောခြင်းဓလေ့ကို စစ်တမ်းကောက် သုတေသနပြုကြည့် သောအခါ လူငါးယောက်မှာ တစ်ယောက်(ရာခိုင်နှုန်းဖြင့် ၂ဝရာခိုင်နှုန်း)သာလျှင် အိမ်သာအထွက်တွင် လက်ကို ဆပ်ပြာဖြင့် ဆေးကြောကြသည်ကို တွေ့ရကြောင်း၊ လူ အများစုသည် လက်ဆေးခြင်း၏ရည်ရွယ်ချက်ကို အမှန် အတိုင်း သဘောပေါက်သိရှိခြင်းမရှိဘဲ တလွဲလုပ်နေကြ ကြောင်း ကျန်းမာရေးပညာဌာန(အငြိမ်းစား)ညွှန်ကြား ရေးမှူး ဒေါက်တာခင်မောင်လွင်၏ ဟောပြောချက်တစ်ခု တွင် ကြားနာခဲ့ဖူး၏။

မြန်မာလူမျိုးအများစုတို့သည် ထမင်း စားပြီးခါမှ လက်ကိုဆပ်ပြာဖြင့် စင်စင်ဆေးကြ၏။ ထမင်း မစားမီ လက်ဆေးသည်ဆိုရာမှာ ဆပ်ပြာမသုံးဘဲ ရေထဲ တွင် လက်ကိုနှစ်၍ ရေဆွတ်ရုံသာဆွတ်ခြင်းဖြစ်ကြ၏။ လက်မှ အညစ်အကြေးများ၊ ချေးများကို ရေနှူးသလိုသာ ဖြစ်၏။ အမှန်တကယ်တွင်မူ ထမင်းမစားမီမှာသာ လက် တွင်ရှိနေသော အညစ်အကြေးများနှင့် ရောဂါပိုးများကို စင်ကြယ်သွားစေရန် လက်ကို ဆပ်ပြာဖြင့်ဆေးရန်လိုအပ် ၏။ 

ဤသို့ဖြင့် အစာမစားမီ လက်ကို ဆပ်ပြာဖြင့် စင်စင် ဆေးသူ နည်းလှ၏။ 

အစားအသောက်များကို မကိုင်တွယ် ခင် လက်ကို စင်စင်ဆေးသူနည်း၏။ ထမင်းဟင်းစားစရာ များ ပြင်ဆင်ချက်ပြုတ်ကြသော အိမ်ရှင်မအများစုတို့ မပြင်ဆင်၊ မကိုင်တွယ်မီ လက်ဆေးခြင်းအလေ့မရှိကြ။ 

ချက်ပြုတ်ပြီးသားအစားအစာ၊ ထမင်းဟင်းတို့ကို ခူးခပ် ပြင်ဆင်ရာတွင်လည်း လက်သန့်ရှင်းမှုကို အလေးမထား တတ်ကြချေ။ လူတို့၏ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတိုင်း တွင် မျက်စိဖြင့်မမြင်နိုင်သော ရောဂါပိုးမွှားများနှင့် အ ညစ်အကြေးများ ရှိနေတတ်ကြရာ ယင်းအရာဝတ္ထုများ ကို ကိုင်တွယ်ထိတွေ့မိသောလက်များတွင် ရောဂါပိုးမွှား များနှင့် အညစ်အကြေးများ တွယ်ကပ်ပါလာတတ်သဖြင့် လက်ကို စင်ကြယ်စွာဆေးကြောရန် လိုအပ်ကြောင်း သဘောပေါက်ဖို့ လိုအပ်သည်။

ရောဂါပိုးမွှားများ လူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် မှုကို လက်ဆေးကြောခြင်း သာမန်လုပ်ဆောင်ချက်တစ် ခုဖြင့် တားဆီးကာကွယ်နိုင်ပါသည်။ 

စနစ်တကျလက်ဆေး ကြောမှုဆိုရာတွင် သန့်ရှင်းသောရေနှင့် ဆပ်ပြာကို အသုံး ပြုရမည်။ ဆပ်ပြာသည် ပိုးမွှားများကို သေစေနိုင်သည်။ လက်များကို ရေနှင့် ဆပ်ပြာတို့ဖြင့် စက္ကန့် ၃ဝခန့်ဆေး လျှင် လက်တွင်ကပ်နေသော ပိုးမွှားများ၏ ၉၉ရာခိုင်နှုန်း ကို ဖယ်ရှားနိုင်သည်ဟု ပညာရှင်များက ဆိုကြသည်။ 

ဆပ်ပြာဖိုးကုန်ကျမည့်ငွေကြေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်၍ ဆေးကုသရာတွင် ကုန်ကျစရိတ်၊ စိတ်ညစ် ပင်ပန်းရမှုတို့ကို နှိုင်းယှဉ်တွက်ချက်ကြည့်ပါက အမှန်ကို သဘောပေါက်သိမြင်နိုင်၏။ 

အခြေအနေတစ်ရပ်ရပ် ကြောင့် ဆပ်ပြာမရနိုင်ပါက မီးဖိုချောင်ကရသည့်ပြာသည် ပင် ရောဂါပိုးများကို သေစေနိုင်သော အာနိသင်အစွမ်း ရှိသဖြင့် ဆပ်ပြာအစား ပြာမှုန့် သို့မဟုတ် ပြာရည်(ပြာ ကြက်တက်ရည်)ကို အသုံးပြုနိုင်ကြောင်း ပညာရှင်များ က နည်းလမ်းပေးထား၏။

ထို့ကြောင့် လူကြီးမိဘများနှင့် ကလေးသူငယ်များ အားလုံးက အိမ်သာအထွက် လက်ဆေးပါ။ အစာမစားမီ လက်ဆေးပါ။ အစားအစာများကို ကိုင်တွယ်ချက်ပြုတ် ခြင်းမပြုမီ လက်ဆေးပါ။ အညစ်အကြေးများကို ကိုင် တွယ်ထိတွေ့မိတိုင်း လက်ဆေးပါဟူသော စည်းကမ်းချက် များကို ပင်ကိုအသိစိတ်ဓာတ်ဖြင့် ဓလေ့တစ်ခုအဖြစ် လိုက်နာကျင့်သုံးကြရန် လိုအပ်ပါသည်။

လက်ဆေးခြင်းသည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံအလေ့အထတစ်ခုဖြစ်သည်။ ကျန်း မာရေးနှင့်ညီညွတ်သော အပြုအမူကောင်းများ ပြည့်စုံ ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာတိုးချဲ့ခြင်း (Knowledge Expansion) နှင့် အလေ့အထဖြစ်ထွန်း ခြင်း (Habit Formation) တို့သည် မရှိမဖြစ် အဓိက လိုအပ်ချက်များဖြစ်ကြောင်း ကျန်းမာရေးပညာဆိုင်ရာ ပညာရှင်များက မိန့်ဆိုထားသည်။ 

အသိသည် အကျင့်ကို ဖန်တီးတည်ထောင်ပေးသည်။ အလေ့အကျင့် (Practice) မှ အလေ့အထ (Habit) သို့ ကူးပြောင်းတတ်သော သဘာဝရှိသည်။

လက်ဆေးခြင်းကို အလေ့အထ ဓလေ့တစ်ခုအဖြစ် စွဲမြဲသွားအောင် မည်သူတို့က၊ မည်သူတို့ကို၊ မည်သည့် နေရာ၊ မည်သည့်အချိန်တွင် လေ့ကျင့်သင်ကြားပေးကြ မည်နည်း။

တစ်ဘဝလုံးအတွက် မူမှန်စနစ်ကျသည့် အလေ့အ ထကောင်းများကို သိရှိနားလည်သဘောပေါက်စွဲမြဲသွား စေရန် လေ့ကျင့်ပေးရန်မှာ မူလတန်းအရွယ် ကလေး သူငယ်များသည် အသင့်လျော်ဆုံးအရွယ်ဖြစ်၏။ ငယ်စဉ် က စွဲမြဲလာခဲ့သော အလေ့အထတစ်ခုကို အသက်အရွယ် ကြီးရင့်မှ ပြောင်းလဲဖျောက်ဖျက်ပစ်ရန်မှာ အထူးပင်ခဲ ယဉ်းသည်ကို အားလုံးအသိပင်။ ကျောင်းများတွင် သက် တူ ရွယ်တူ ကလေးသူငယ်များတို့ကို အတန်းလိုက်စုစည်း ပြီးသားဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အတုယူတတ်ကြသည့် နေရာလည်းဖြစ်သည်။

ကလေးသူငယ်များသည် သူတို့ ၏ ဆရာ၊ ဆရာမများကို ရိုသေလေးစားပြီး ဆိုဆုံးမသွန် သင် လမ်းညွှန်မှုများကို နားထောင်လိုက်နာတတ်ကြသည်။ ထို့ပြင် ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်း သူများအတွက် အပြုအမူ အလေ့အကျင့်များတွင် အတု ယူ နမူနာယူစရာ စံပြပုဂ္ဂိုလ်များဖြစ်ကြရာ ယင်းအခွင့် အလမ်းကောင်းများကို အသုံးချပြီး ကလေးသူငယ်များ အား စနစ်တကျ လက်ဆေးကြောခြင်းအလေ့အထကို ဆရာ၊ ဆရာမများက လေ့ကျင့်ပုံသွင်းပေးနိုင်မည်ဖြစ် သည်။ 

တစ်ဖက်တွင်လည်း ပုဗ္ဗာစရိယ မိဘနှစ်ပါးတို့က လည်း လက်ဆေးကြောခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုး ကျေးဇူးတို့ကို ကိုယ်တိုင်သိမြင်သဘောပေါက်ပြီး ''မိဘ ဆရာ ပူးပေါင်း ကလေးကျန်းမာရေးကောင်း''အောင် နေအိမ်တွင် မိမိတို့ရင်သွေးများကို လေ့ကျင့်ပေးရပေ မည်။

မြန်မာနိုင်ငံတွင်လည်း ပညာရေးဝန်ကြီးဌာန၊ ကျန်း မာရေးဝန်ကြီးဌာနနှင့် ယူနီဆက်ဖ်အဖွဲ့တို့ ပူးပေါင်းဦး ဆောင်ပြီး နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ တွင် ကမ္ဘာ့လက်ဆေးကြောရေးနေ့လှုပ်ရှားမှုအခမ်းအ နားများကို ၂ဝဝ၈ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပလာခဲ့ပါ သည်။

ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်း သားမိဘများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကျောင်း သူကျောင်းသားများ စုံညီစွာ တက်ရောက်ဆင်နွှဲကြ သောကြောင့် ''ကမ္ဘာ့လက်ဆေးပွဲတော်နေ့''ဟူ၍လည်း မီဒီယာများတွင် အမွှမ်းတင်ရေးသားဖော်ပြခဲ့ကြသည် တို့ကို တွေ့မြင်ရသည်။

ယခုနှစ် ၂ဝ၁၄ ကျောင်းဖွင့်စရာသီ ဇွန်လ ၁၈ရက် က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ''မြန်မာနိုင်ငံ တွင် စနစ်တကျလက်ဆေးခြင်း အလေ့အကျင့်ဆက် သွယ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစတင်ခြင်းအခမ်းအနား'' (Launching of Myanmar Handwashing Communication Initiative) ကို ကျင်းပခဲ့ပါသည်။ 

အခမ်းအ နားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာဒေါ်သိန်းသိန်းဌေးက အမှာစကားပြောကြားရာတွင် 
''မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနှံ့တွင် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု စနစ်တကျလက်ဆေးခြင်းအလေ့အကျင့်ကို လိုက်နာ စေရန် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းများ ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိနေကြောင်း၊ ကျောင်းနေအရွယ်ကလေးများအတွင်း စနစ်တကျလက် ဆေးခြင်းအမူအကျင့်ကို လိုက်နာကျင့်သုံးတတ်စေရန် နှင့် ကလေးများမှတစ်ဆင့် မိဘများနှင့် မိသားစုဝင်များ အထိ အမူအကျင့်ကောင်းများ ကျင့်သုံးလာတတ်စေ ရန် ရည်ရွယ်ပြီး ဤစီမံချက်ကို အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးနှစ်အောက် ကလေး ၆ဒသမ ၉သန်းခန့် နှစ်စဉ်သေဆုံးလျက်ရှိနေကြ ရာ သုံးပုံနှစ်ပုံသည် ဝမ်းလျှောဝမ်းပျက်ရောဂါနှင့်အဆုတ် တွင်ဖြစ်ပွားသော နမိုးနီးယားရောဂါများကြောင့်ဖြစ် သည်ကိုတွေ့ရကြောင်း၊ 

ယူနီဆက်ဖ်၏ခန့်မှန်းချက်အရ ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် စက္ကန့် ၃ဝတွင် ကလေးတစ်ဦးနှုန်း သေ ဆုံးနေကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့လက်ဆေးကြောရေးနေ့ ကို နှစ်စဉ် အောက်တိုဘာလ ၁၅ရက်တွင် ကျောင်းနေအရွယ်ကလေးများ နှင့် ကျောင်းအခြေပြုလှုပ်ရှားမှုများ ပြုလုပ်ကြကြောင်း၊ မြန်မာနိုင်ငံတွင် လည်း ယခုကျင်းပသည့် အခမ်းအနားမှတစ်ဆင့် ယူနီဆက်ဖ်၏ ပံ့ပိုးကူညီ မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပရှိ ကလေးသူငယ်များအား စနစ်တကျလက် ဆေးခြင်းဆိုင်ရာ လှုပ်ရှားမှုများ၊ ပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုသို့ ဆက်သွယ်ပညာပေးရာတွင် ရေဒီယို၊ ရုပ်မြင်သံကြား Channel များ၊ လူမှုမီဒီယာများ၊ ဆိုင်းဘုတ်များ၊ ပညာပေးလက်ကမ်းစာစောင်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှတစ်ဆင့် ပြည်သူလူထုအခြေပြုပညာပေး ခြင်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပညာပေးလှုံ့ဆော်သွားမည်ဖြစ်ကြောင်း'' ပြောကြားသွားခဲ့ပါသည်။

ဗြိတိန်နိုင်ငံ ဝေလပြည်နယ်ရှိ အက်ဘာရစ်ဝှစ်တက္ကသိုလ် (Aberystwyth University) မှ သုတေသနပညာရှင်များ၏ လူမှုရေး-ကျန်းမာရေးဆက်နွှယ် မှု လေ့လာသုတေသနပြုချက်တွင် ဤသို့ဖော်ပြထား၏။ 

လူသားများသည် လူမှုရေးအရ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းအစား လက်သီးချင်း တိုက်ပြီး နှုတ်ဆက်သင့်သည်။ လက်သီးချင်းတိုက်ပြီး နှုတ်ဆက်ခြင်းထက် လက်ဆွဲနှုတ်ဆက်ခြင်းသည် တစ်ဦး၏လက်မှ တစ်ဦး၏လက်သို့ ရောဂါပိုးမွှား များ ကူးပြောင်းရောက်သွားနိုင်ခြေ ၁ဝဆပိုများသည်ဟု လေ့လာတွေ့ရှိ ချက်များအရ တင်ပြထားပါသည်။ 

ထို့ကြောင့် လူအချင်းချင်း လက်သီးချင်း တိုက်ကာ ကျန်းမာရေးနှင့် ညီညွတ်အောင်နှုတ်ဆက်သင့်ကြောင်း အကြံ ပေးထားကြသည်ကို ၂ဝ၁၄ ခုနှစ်ဇူလိုင်လအတွင်းက The Straits Times သတင်းစာတွင် ဖတ်ရှုသိရှိခဲ့ရပါသည်။ လူများ၏ လက်များတွင် ရောဂါပိုးမွှား များ အချိန်မရွေးရှိနေနိုင်၍ လက်ကိုဆေးကြောသန့်ရှင်းရန်လိုအပ်ကြောင်း ထောက်ပြသော သတင်းဖြစ်၏။

ကမ္ဘာ့လက်ဆေးကြောရေးနေ့ဟု သတ်မှတ်ထားကြသော အောက် တိုဘာလ ၁၅ရက်သည် ကမ္ဘာ့လူသား အားလုံးတို့အား လက်များကိုဆေး ကြောပြီး သန့်ရှင်းအောင်ထားတတ်သော ဓလေ့၊ လက်သန့်ရှင်းခြင်း၏ အကျိုးကျေးဇူးတို့ကို သိရှိနားလည် သဘောပေါက်စေရန် အသိပညာပေး သောနေ့၊ သတိပေးသောနေ့၊ တွန်းအားပေးလှုံ့ဆော်သောနေ့သာဖြစ်သည်။ ဇန်နဝါရီလ ၁ရက်မှသည် ဒီဇင်ဘာလ ၃၁ရက်ထိ ၃၆၅ရက်သော တစ်နှစ် တာ၏ ရက်အားလုံးတို့သည် နေ့စဉ်နေ့တိုင်း ကမ္ဘာ့လက်ဆေးကြောရေးနေ့များပင်ဖြစ်ကြသည်ဟု စွဲမှတ်ကျင့်သုံးကြဖို့ အထူးလိုအပ်ပေသည်။

Democracytoday , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment