Pages

Tuesday, September 30, 2014

MPU ကတ် လက်ခံသည့် လက်လီအရောင်းဆိုင်များ ဘဏ်ကိုပေးရမည့် ပမာဏ နိုဝင်ဘာတွင် စလျှော့မည်


RangonNewsDaily:: September . 30 .2014
ပြည်တွင်းဘဏ်များ ထုတ်လုပ်ထားသည့် ငွေသားထည့်သွင်း၍ ငွေပေးချေမှုများ ပြုလုပ်နိုင်သည့် MPU ကတ်များနှင့် ငွေပေးချေမှု လက်ခံသည့် လက်လီအရောင်းဆိုင်များ ဘဏ်ကိုပေးရမည့် ပမာဏကို နိုဝင်ဘာလမှစ၍ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း MPU (Myanmar Payment Union) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။
လက်ရှိတွင် MPU ကတ်ဖြင့် ဝယ်ယူသည့် ပစ္စည်းတန်ဖိုး၏ ၁ ရာခိုင်နှုန်းကို အရောင်းဆိုင်များက ပေးရပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ပစ္စည်းတန်ဖိုး၏ ၀ ဒသမ ၆ ရာခိုင်နှုန်းသို့ ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“Electronic Payment ကတ်တွေ အသုံးပြုမှု တွင်ကျယ်ဖို့ ဗဟိုဘဏ်က လမ်းညွှန်တယ်။ အဲဒါကို ကျွန်တော်တို့ စီမံခန့်ခွဲမှု ကော်မတီကလည်း လက်ခံတယ်။ ဒီလိုပြောင်းလိုက်တော့ လက်ခံတဲ့ဆိုင်တွေ ပိုများလာနိုင်မယ်” ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

ပစ္စည်းတန်ဖိုး ကြီးမားပြီး အကျိုးအမြတ် ပမာဏ နည်းသည့် ဆိုင်များအတွက်မူ ကတ်ငွေပေးချေမှု လက်ခံရန် အဆင်မပြေကြောင်း UNIQUE အိုင်တီနှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဆန်းဦးက သုံးသပ်ပြောကြားသည်။


“ကျွန်တော်တို့ဆီမှာ ဖုန်းတစ်လုံး ရောင်းရင် အမြတ်က ၂၀၀၀ လောက်ပဲ ရတယ်။ ပစ္စည်းတန်ဖိုးက ကြီးတယ်။ အဲဒီမှာ ဝန်ထမ်း စရိတ်ကလည်း ရှိသေးတယ်။ အဲတော့ ၁ ရာခိုင်နှုန်းပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အခုပြောင်းမယ့် ပမာဏနဲ့လည်း အဆင်မပြေနိုင်ဘူး” ဟု ၎င်းကဆိုသည်။


ပမာဏ လျှော့ပေးရမည့် အရောင်းဆိုင်များတွင် ကျောက်မျက်ရတနာဆိုင်နှင့် ရွှေဆိုင်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ မပါဝင်ဘဲ MPU ငွေပေးချေကတ် ကိုင်ဆောင်သူများ အသုံးပြုမှုများသည့် လက်လီအရောင်းဆိုင်များသာ ပါဝင်မည်ဖြစ်ပြီး ငွေပေးချေကတ် ထုတ်လုပ်သည့် ဘဏ်များကို အကြောင်းကြားပြီး ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ပြောဆိုသည်။


လတ်တလောတွင် MPU ကတ်ဖြင့် ငွေပေးချေမှုကို ပြည်တွင်းတွင် ကတ်ငွေပေးချေ လက်ခံမည့်ဆိုင် ၃၀၀၀ ကျော်၌ တပ်ဆင်ထားပြီး လက်လီအရောင်းဆိုင်များ လက်ခံမှုမှာမူ နည်းပါးနေသေးကြောင်း MPU အဖွဲ့ထံမှ သိရသည်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment