RangonNewsDaily:: September . 30 .2014
ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာများ ထပ်မံတည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အရှေ့ပိုင်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာများ ထပ်မံဆောက်လုပ်ရန် မြေအခြေအနေ စိစစ်နေကြောင်း၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနကလည်း လှိုင်သာယာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၆၈၈ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၇၆၈ ခန်း၊
ရွှေပြည်သာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၂၆၀ ခန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ ၁၂၂၄ ခန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၄၈ ခန်း၊ မြောက်ဥက္ကလာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၃၁၂ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၄၄၈ ခန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၂၂၀ ခန်းနှင့် တန်ဖိုးနည်းအိမ်ရာ ၁၉၀၉၁ ခန်းတို့ အကောင်အထည်ဖော်ရန် စီစဉ်နေဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။
အဆိုပါအိမ်ရာများ မည်သည့်အချိန်တွင် ပြီးစီးမည် တန်ဖိုးမည်မျှ ရှိမည်ကိုမူ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ခြင်း မရှိပေ။
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် အိမ်ခန်းပေါင်း ၁၂၆၈ ခန်း ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ဆောင်ရန် လျာထားကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အိမ်ခန်းပေါင်း ၂၉၇၆ ခန်းပါဝင်သည့် ဧရာဝဏ် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန်ရှိသည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။
ရန်ကုန်မြို့တွင် အခြေခံအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဟုဆိုကာ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီကိန်းများကို ဖော်ဆောင်ခဲ့ပြီး အဆိုပါစီမံကိန်းများမှာ အိမ်မဲ့ရာမဲ့ အခြေခံပြည်သူများပင် မဆိုထားနှင့် ၀င်ငွေအသင့်အတင့်ရှိ ပြည်သူများပင် မ၀ယ်နိုင်သည့် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည့်နှုန်းထားများ ဖြစ်နေသည်။
ရှေ့တွင် အကောင်အထည်ဖော် ရောင်းချပြီးဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာများမှာလည်း အနည်းဆုံး ကျပ်သိန်း ၁၀၀ ကျော်၊ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်ရှိခဲ့ရာ အခြေခံပြည်သူများ မ၀ယ်ယူနိုင်ကြောင်း သိရသည်။
သို့ဖြစ်ရာ ယခုထပ်မံဖော်ဆောင်မည့် စီမံကိန်းများမှာလည်း အိမ်ရာမဲ့ အခြေခံပြည်သူများ မတတ်နိုင်သည့် ဈေးနှုန်းများပင်ဆိုလျှင် အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်မှာ ဒုံရင်းမှဒုံရင်းပင် ဖြစ်နေမည်ဟု သုံးသပ်နေကြသည်။
ထို့ကြောင့် အဆိုပါပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများအား အငှားချထားပေးရန်နှင့် တစ်လလျှင် သုံး၊ လေးသောင်း ပေးသွင်းရုံဖြင့် နှစ်ပေါင်းများစွာကြာလျှင် အိမ်ရာပိုင်ဆိုင်နိုင်မည့် အခွင့်အရေးများကို အစိုးရအဖွဲ့က ဖော်ဆောင်ပေးရန် လိုအပ်သည်ဟု သုံးသပ်ကြသည်။
news-eleven , KOLATT(PBDN)
RangonNewsDaily




0 comments:
Post a Comment