Pages

Thursday, September 4, 2014

ဆေးကြောင်သူ၏ သားကောင်မဖြစ်ကြစေလို

စိတ်ကြွမူးယစ်ဆေးသုံးစွဲမှု သရုပ်ဖော်ထားပုံ [ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)]
RangonNewsDaily:: September . 4 .2014
‘‘ညဥ့်သန်းခေါင် အိပ်ရာနိုးလို့ ဖေကြီးမရှိတော့မှန်း အသိဝင်လာရင် ချောက်ချားပြီး လူက ချောက်ကြီးထဲကျနေသလိုပဲ။ ပင်ပန်းတယ်။ အားငယ်တယ်။ ဖေကြီးမရှိတော့ဘူးဆိုတဲ့အတွေး မတွေးရဲဘူး’’ဟု ဆေးကြောင်နေသော လူတစ်ယောက်က ကားဖြင့်ဝင်တိုက်သောကြောင့် ဖခင်တစ်ယောက်ဆုံးရှုံးခဲ့ရသူ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနှင်းဝေလှိုင်ကပြောပါသည်။
သြဂုတ် ၁၉ ရက်က မန္တလေးမြို့ ၆၂ လမ်းပေါ်တွင် ဆေးကြောင်နေသူ အမျိုးသားတစ်ယောက် မောင်းလာသော ကားက လမ်းဘေးရပ်နေသူများကို ၀င်တိုက်မိသောကြောင့် နေရာတွင်ပင် လူလေးဦးသေဆုံးခဲ့သည်။ သေဆုံးသူလေးဦးတွင် ဒေါက်တာနှင်းဝေလှိုင်၏ ဖခင်ဖြစ်သူပါဝင်ခဲ့ပြီး အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် မိသားစုထဲမှ ရုတ်တရက် ထွက်ခွာသွားခဲ့သောကြောင့် ကျန်ရစ်သူမိသားစုဘ၀လေးမှာ ခြောက်ကပ်ညှိုးရော်နေပြီဖြစ်ကြောင်း ဆိုပါသည်။

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုကဲ့သို့ပင် မူးယစ်ဆေးကြောင်နေသူတို့၏ မိုက်ရူးရဲဆန်သော လုပ်ရပ်တို့ကြောင့် အပြစ်မဲ့သူများ သေဆုံးခဲ့ရသည့် ဟိုးလေးတကျော်ကျော်ဖြစ်သွားသော နာမည်ကျော်မှုခင်းများ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပွားနေပါသည်။ 
::
ညအချိန် ထမင်းလက်စုံစားနေသည့် မိသားစုတစ်စုကို ဆေးကြောင်နေသည့် လူငယ်တစ်ယောက်က ၀င်ရိုက်ခဲ့မှု၊ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သလို ပြည်လမ်းမပေါ် ပြည်သူ့ရင်ပြင်အနီးတွင် မူးယစ်ဆေးသုံးထားသူ အမျိုးသားတစ်ယောက်က လမ်းဘေးတွင် ရပ်ထားသော ကားရှစ်စီးကို ၀င်တိုက်မှု ယခုနှစ်ထဲတွင်ပင် ဖြစ်ခဲ့သည်။

မူးယစ်ဆေးနှင့် လောင်းကစားလုပ်ငန်းများကြောင့် ဒုစရိုက်မြို့တော်ဟု ကင်ပွန်းတပ်ခံထားရသည့် မူဆယ်မြို့တွင် ခြောက်နှစ်အရွယ် ကလေးတစ်ယောက် ရင်ခွဲအသတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာလည်း ဆေးကြောင်နေသူ၏ လက်ချက်ပင် ဖြစ်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင် တက်သစ်စ မော်ဒယ်မင်းသမီး အေးချမ်းမြတ်မိုးကို သတ်သွားသူအား မူးယစ်ဆေးသုံးထားခြင်း ရှိ၊ မရှိ ရဲက စစ်ဆေးနေသည်။
::
ယခုနောက်ပိုင်းတွင် ဆေးကြောင်နေသူကြောင့် အပြစ်မဲ့ပြည်သူများ အချောင်ဒုက္ခရောက်ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ပိုတွေ့လာရသည်။ မူးယစ်ဆေးကြောင့် လူမသိသူမသိဖြစ်ခဲ့သည့် အနိဌာရုံအဖြစ်ဆိုးများ နိုင်ငံတစ်ဝန်းရှိနေပါသည်။

‘‘ကိုယ့်ဘာသာကိုယ် အေးဆေးနေရင်း အဲဒီလိုလူတွေကြောင့် အဖေတွေ၊ အစ်ကိုတွေ ဆုံးရှုံးသွားတာကို ဘယ်လိုပြန်ဖြေသိမ့်ရမလဲ။ နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက တာဝန်ယူမလဲ။ မူးယစ်ဆေးပြဿနာကို အရေးကြီးဆုံးအဖြစ် သတ်မှတ်ပြီး အရေးယူပေးပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ဒေါက်တာနှင်းဝေလှိုင်ကပြောသည်။
::
မည်သည့်နိုင်ငံခေါင်းဆောင်မဆို သူအုပ်ချုပ်ရာ နိုင်ငံနှင့် တာဝန်ယူထားရာ အစိုးရသက်တမ်းတွင် မူးယစ်ဆေးဝါးပြဿနာ ကြီးမားနေကြောင်း ထုတ်ပြောချင်မည် မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကတော့ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးများ ပျံ့နှံ့နေပြီး နိုင်ငံသားများအတွက် စိုးရိမ်စရာကောင်းနေကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။

သမ္မတတစ်ဦး၏ မူးယစ်ဆေးနှင့်ပတ်သက်၍ ထုတ်ဖော်ဝန်ခံမှုနောက်တွင် နိုင်ငံသားများ၏ ဘ၀လုံခြုံရေးအတွက် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အဖြေတစ်ခုရှိရပါလိမ့်မည်။ အုပ်ချုပ်ရေးတာဝန်မဲ့မှုနှင့် လျစ်လျူရှုခံထားရသလို ဖြစ်နေသည့် မူးယစ်ဆေးပြဿနာကို သမ္မတတစ်ယောက်အနေနှင့် ဆိုခဲစေမြဲစေဟူသည့် စကားအတိုင်း ဦးစားပေးဖြေရှင်းသင့်နေပြီဖြစ်ကြောင်း သေဆုံးသူ မော်ဒယ်မင်းသမီး၏ ဖခင်ဖြစ်သူ အငြိမ်းစားဗိုလ်မှူး ဦးဝဏ္ဏက ပြောပါသည်။
::
‘‘သမ္မတ ပြောတာဆိုတဲ့အတွက် အစိုးရပိုင်းက တာဝန်ယူမှုအပြည့်ရှိရမယ်။ ပြတ်သားရမယ်။ ပတ်သက်ဆက်နွှယ်မှုတွေကြောင့် အရေးမယူဘဲ မသိချင်ဟန်ဆောင်နေတာတွေမျိုး မဖြစ်သင့်တော့ပါဘူး’’ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ယခင်ခေတ်အဆက်ဆက်က အစိုးရ၏ အလွဲအချို့နှင့်ယှဉ်၍ ဦးဝဏ္ဏကပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မူးယစ်ဆေးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိသာထင်ရှားသော စီမံချက်အချို့ကို လုပ်ဆောင်နေသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လက်တွေ့လုပ်ဆောင်နေရသည့် မူးယစ်ဗဟိုကလည်း တရားဝင်သတင်းထုတ်ပြန်၍ရသည့် စီမံချက်အချို့ကို အရှိန်မြှင့်လာသလို ပြည်ထဲရေးဝန်ကြီးဌာနတွင်း လ/၀ ဟုခေါ်သည့် လျှို့ဝှက်စီမံချက်များလည်း ဆက်တိုက်အကောင်အထည်ဖော်သွားရန်ရှိကြောင်း နေပြည်တော်မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
::
နိုင်ငံတော်သမ္မတမှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ကလည်း မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မကြာခဏ သတိပေးခြင်းမျိုးပြုလုပ်သည်။ 

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာတရားရုံး (UNODC)က မူးယစ်ဆေးဝါးအန္တရာယ်သည် မြန်မာနိုင်ငံကို အဓိကခြိမ်းခြောက်နေပြီး ဒေသတွင်းနိုင်ငံများတွင် အဆိုးရွားဆုံးဖြစ်နေကြောင်း အတိအလင်းသတိပေးထားသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသည် အမျိုးသားရေးအန္တရာယ်ဟု ကြွေးကြော်နေရုံနှင့် မပြီးတော့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နမ့်စန်မြို့နယ်ရုံး တာဝန်ခံကိုခွန်ညွန့်ဝေက သတိပေးသည်။
::
‘‘မူးယစ်ဆေးပြဿနာက လက်ရှိအစိုးရဘက်ကလည်း တော်တော်ခေါင်းခဲမယ့်ကိစ္စပဲလို့ မြင်ပါတယ်။ မူးယစ်ဆေးတိုက်ဖျက်တဲ့နေရာမှာ လူငယ်တွေကို အမှန်တကယ် လမ်းမှန်ရောက်အောင် ညွှန်ပြပေးနိုင်မယ့် ၀န်ကြီးဌာန (သို့မဟုတ်) Department တစ်ခုဖွဲ့စည်းပြီး လူငယ်တွေအတွက် သတင်းတွေ Message တွေကို Virus မပါဘဲ ပို့ပေးနိုင်ဖို့လည်း လိုအပ်မယ်ထင်ပါတယ်။ ဒါမှ အမှန်အမှား သိမြင်ခွဲခြားနိုင်ပြီး မှုခင်းတွေ ကျဆင်းစေနိုင်မှာပါ’’ဟု ကိုခွန်ညွန့်ဝေက ပြောသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် ဒုတိယသမ္မတက ဦးဆောင်ညွှန်ကြားတော့မည်ဖြစ်ပြီး ယခင်ကကဲ့သို့ ၀န်ကြီးဌာနချင်း ချိတ်ဆက်၍ အကောင်အထည်ဖော်သည်ထက် ပိုကောင်းသောရလဒ်များ မြင်တွေ့ရမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်)မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
::
‘‘အရင်က ဌာနဆိုင်ရာအကြီးအကဲအချင်းချင်းဆိုတော့ ပါဝါပြိုင်တာမျိုးတွေရှိခဲ့တယ်။ ဒီတော့ အလုပ်က သိပ်မတွင်ကျယ်ဘူး။ အခုကတော့ နိုင်ငံအကြီးအကဲတစ်ယောက်က ဦးဆောင်မှာဆိုတော့ ဒီပြဿနာကို အင်တိုက်အားတိုက် ဖြေရှင်းတော့မယ်လို့ သုံးသပ်လို့ရတယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အငြိမ်းစားရဲအရာရှိတစ်ဦးဖြစ်သူ ဦးမြတ်သူဟိန်းက ‘‘မူးယစ်ဆေးပပျောက်ဖို့ ရဲချည်းပဲလုပ်လို့မရဘူး။ အစိုးရချည်းပဲ အားကိုးလို့မရဘူး။ ဒါအမျိုးသားရေးပြဿာနာတစ်ခုလို ဖြစ်နေတယ်။ မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ကျော်ရှိတယ်။ အဲဒီအထဲကမှ မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးသူ၊ လောဘဇောတိုက်နေတဲ့သူဦးရေက ဘယ်လောက်ရှိမှာလဲ။ အလွန်ဆုံးအယောက် ၁၀၀၀ ထား။ ကျန်တဲ့လူတွေက ဒီအယောက်တစ်ထောင်လောက်သာရှိတဲ့ မူးယစ်ရာဇာတွေကို နှိမ်နင်းချင်တဲ့ဆန္ဒရှိရင် သတင်းပေးခြင်းနဲ့ကူညီပါ။ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးမယ်ဆိုရင် အောင်မြင်မှာပါ’’ဟု အကြံပြုသည်။
::
အောက်မြန်မာပြည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ(၃)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးမြင့်အောင်က ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် မူးယစ်ဆေးဝါးပြဿာနာ လျော့ပါးရေးအတွက် အဓိကအရေးပါနေပြီး စီမံချက်ချ၍ အသိပညာပေးမှုများ အရှိန်မြှင့်ထားကြောင်း ဆိုသည်။

‘‘အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ မူးယစ်ဆေးသုံးနေတဲ့ လူတွေ့ရင် ပြည်သူတွေကိုယ်တိုင်ဖမ်းပြီး ရဲလက်ကိုအပ်လို့ရတယ်။ ဥပဒေက ဒီအတိုင်းပြထားတယ်။ ဒါကြောင့် ဥပဒေကို နားလည်ဖို့လိုတဲ့အပြင် ကျွန်တော်တို့ဘက်ကလည်း ပညာပေးမှုတွေ ဆက်တိုက်လုပ်နေတယ်။ အဓိကတော့ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်’’ဟု ဒုတိယရဲမှူးကြီးမြင့်အောင်ကပြောသည်။
::
အငြိမ်းစားရဲအရာရှိတစ်ဦးဖြစ်သူ ဦးမြတ်သူဟိန်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အားလုံးတာဝန်သိသိဖြင့် ပူးပေါင်းပါက အပေါင်းလက္ခဏာဆောင်သော အဖြေထွက်လာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

‘‘ဆေးကြောင်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေအတွက် သူ့မိဘသူ့အသိုင်းအ၀ိုင်း သူ့ပတ်ဝန်းကျင်က ပထမဆုံးတာဝန်ရှိတယ်။ ကိုယ့်သားသမီးခြေလှမ်းကို သိနေရမယ်။ ကျောင်းဆရာက သူစာသင်ပေးနေတဲ့ ကျောင်းသားတွေရဲ့ ဓလေ့စရိုက်ကို သိနေရမယ်။ အတိအကျမဟုတ်တောင် အရိပ်အကဲလောက်တော့ ခတ်နေရမယ်။ 
::
ဒီလိုပြောလို့ ကိုယ်က ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်လို့ ရဲတပ်ဖွဲ့ကို ကာကွယ်ပေးပြီး မိဘတွေ၊ ကျောင်းဆရာတွေအပေါ် အပြစ်ပုံချနေတယ်လို့ မထင်ပါနဲ့။ ထိရောက်နိုင်တဲ့နည်းလမ်းကို လက်တွေ့ကျကျ တွေးကြည့်တာပါ’’ဟု သုံးသပ်ပေးသည်။

မူးယစ်ဆေးအမှုဖြင့် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့်အတူ နှစ်ရှည်ထောင်ကျခဲ့ပြီး မူးယစ်ဆေးလောကကို ထဲထဲဝင်ဝင်သိခဲ့သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက နာမည်ကြီးစီးပွားရေးသမားများ ဘိန်းလောကနှင့် ပတ်သက်နေသည်ကို အစိုးရက မျက်ကွယ်ပြုမနေသင့်တော့ကြောင်း ပြောသည်။
::
‘‘မူးယစ်ရာဇာတွေဖြစ်ခဲ့မှန်း သိသိကြီးနဲ့ အစိုးရက တခြားလုပ်ပိုင်ခွင့်တွေ ပေးလိုက်တာမျိုးတွေ ရှိတယ်။ သဘောကတော့ မင်းတို့ ဘိန်းမထုတ်နဲ့တော့၊ လမ်းတွေဖောက် တံတားတွေဆောက်ဆိုပြီး ပြောလိုက်တဲ့ သဘောပါပဲ။ တံတားတစ်စင်းဆောက်လို့ နှစ်နဲ့ချီကြာပြီးမှ ရလာတဲ့အကျိုးအမြတ်က ဘိန်းဖိုတစ်ဖိုစာလောက်မှမရှိပဲ။ ဒီတော့ နောက်ကွယ်ကနေ ပြန်လုပ်နေကြတဲ့သဘောပါ။ ရှေ့မှာတော့ စီးပွားရေးလုပ်ငန်းရှင်ပေါ့။ ဟန်ပြထားတဲ့သဘောပါ’’ဟု ၎င်းကဆိုသည်။

နိုင်ငံခေါင်းဆောင်များ အပါအ၀င် မည်သည့်နိုင်ငံရေးသမားမဆို မူးယစ်ဆေးပြဿနာ အရေးတကြီးဖြေရှင်းရန် လိုအပ်နေကြောင်း ပြောကြားခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲအမီ မဲတစ်ပြားရလိုမှုဖြင့် သံယောင်ပေးမဲဆွယ်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ နေထိုင်မှုဘ၀အေးချမ်းရေးအတွက် လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း (၆)နှစ်အရွယ် ကလေးတစ်ယောက် ဆေးကြောင်နေသူ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် မူဆယ်မြို့မှ ဒေသခံဦးလွန်းမြိုင်က ပြောပါသည်။
::
မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနှင်းဝေလှိုင်က ‘‘ဖေကြီးမရှိတော့တဲ့နောက် အေးချမ်းနေတဲ့ မိသားစုဘ၀လေးလည်း ပြိုကွဲသွားပါပြီ’’ဟု ဆို့နင်စွာပြောပါသည်။ ။

7 days daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment