Pages

Tuesday, June 10, 2014

တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် အရာများကို သရော်ထားသည့် ဟာသ ပရိုဂရမ် Channel 9 တွင် ပြသမည်

RangonNewsDaily: June . 10 .2014
ဟာသ လူရွှင်တော် ဇာဂနာ ဒါရိုက်တာအဖြစ် ရိုက်ကူး ထားသည့် တောက်တီးတောက်တဲ့ နှင့် မိဘပြည်သူများခင်ဗျား ဟာသ ပရိုဂရမ်ကို ဇူလိုင်လ၌ Sky Net ရုပ်သံလိုင်း Channel 9 တွင် ထုတ်လွှင့်ပြသသွားမည် ဟု ဇာဂနာက မဇ္ဈိမကို ပြောသည်။
" ဒီအစီအစဉ်ကို လုပ်နေတာ ၂ နှစ် ၃ နှစ်လောက် ရှိပြီ။ ဒီအထဲမှာ ပါဝင်တဲ့ လူရွှင်တော်တွေက မလှုပ်ကြတာနဲ့ အခု ကိုယ်တိုင် ဝင်လုပ်လိုက်တာ။ ဒီအစီအစဉ်ကို လုပ်ချင်နေတာကြာပြီ ထောင်ကထွက်ပြီး ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်တာပဲ လုပ်ဖြစ်နေတယ်။ အနုပညာအလုပ် မလုပ်ဖြစ်ဘူး အဲတာကြောင့် လုပ်ဖြစ်တာပါ" ဟု ၎င်းကပြောသည်။

ဇာဂနာ စီစဉ်သည့် တောက်တီးတောက်တဲ့ နှင့် မိဘပြည်သူများခင်ဗျာ လို့ အမည်ပေးထား သည့် ပရိုဂရမ် တစ်ခုစီတွင် မတူညီသည့် ရသများဖြင့် ရိုက်ကူး တင်ဆက်မည် ဖြစ်သည်။ တောက်တီးတောက်တဲ့ အစီအစဉ်သည် ယခင်က နာမည်ကြီး ကွက်စိပ်ပုံစံမျိုးကို ပြန်လည် ထုတ်ဖော်ပြီး အသံအပြင် ရုပ်ပါ ပါဝင်သည့် ပုံစံ သစ်တမျိုးဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။

" အရင်ခေတ်က ကွက်စိပ် အစီအစဉ် ရှိတယ်။ အဲဒီပုံစံကို ပြန်လည်ဖော်ထုတ်တဲ့သဘောပါပဲ။ အရင်ကတော့ အသံပဲလွှင့်တာပေါ့။ ဒါက အသံရော၊ လူရော တွဲပြီး ဖျော်ဖြေမှာ။ ရသတစ်မျိုးနဲ့ ခံစားရမှာပါ။ လူရွှင်တော် တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေလည်း ဒီအစီအစဉ်မှာ တွေ့ရမယ်"ဟု ဇာဂနာက ဆိုသည်။

တောက်တီးတောက်တဲ့ အစီအစဉ်တွင် လက်ရှိ တိုင်းပြည်တွင် ဖြစ်နေသည့် တောက်တီးတောက်တဲ့ အကြောင်းအရာပေါ် အခြေခံကာ သရော်မှုများဖြင့် လူရွှင်တော် တစ်ဦးချင်းစီက တင်ဆက်သွားမည် ဖြစ်သည်။ မိဘပြည်သူများခင်ဗျား အစီအစဉ်သည် တိုင်းပြည်၏ ထူးခြားဖြစ်စဉ်များကို ထည့်သွင်းပြီး လူရွှင်တောင် ၂ ယောက် သို့ ၃ ယောက်က စင်ပေါ်တွင် တင်ဆက်သွားမည် ဖြစ်သည်။

ထို အစီအစဉ် နှစ်ခုကို Channel 9 တွင် season အလိုက် ပြသွားမည် ဖြစ်ပြီး လက်ရှိတွင် ရိုက်ကူးပြီးသား အပိုင်း ၁၅ ပိုင်း ရှိပြီဖြစ်ပြီး ဒါရိုက်တာဇာဂနာ သဘောကျသည့် အကြောင်းအရာ မပါဝင်သေးခြင်းကြောင့် မထုတ်လွှင့်သေးခြင်း ဖြစ်သည်။

တောက်တီးတောက်တဲ့ အစီအစဉ်အတွက် ဇာတ်ညွှန်းကို ဦးချစ်စရာ(မန္တလေး) ၊ သူရသဝါနှင့် ဆူးခတ်မင်း တို့က ရေးထားပြီး ဇာဂနာ၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ ဖိုးဖြူ၊ ဂေါ်ဇီလာ၊ ဦးချစ်စရာ(မန္တလေး)၊ သီးလေးသီးအဖွဲ့၊ ဟားငါးကောင်အဖွဲ့၊ မြန်မာပြည်စတား၊ Dစတားအဖွဲ့တို့ ပါဝင်ပြီး ဒါရိုက်တာ ဇာဂနာ ရိုက်ကူး ထားသည်။

မိဘပြည်သူများခင်ဗျား အစီအစဉ်တွင် ဇာတ်ညွှန်း သူရသဝါနှင့် ဆူးခတ်မင်းတို့ ရေးသားပြီး ဇာဂနာ၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ ဖိုးဖြူ၊ ဂေါ်ဇီလာ၊ ဦးချစ်စရာ(မန္တလေး)၊ သီးလေးသီးအဖွဲ့၊ ဟားငါးကောင်အဖွဲ့၊ မြန်မာပြည်စတား၊ Dစတားအဖွဲ့တို့ ပါဝင်ပြီး ဒါရိုက်တာ ဇာဂနာ ကပဲ ရိုက်ကူး ထားခြင်း ဖြစ်သည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment