Pages

Thursday, May 1, 2014

PSI က အော်ရီဒူးနှင့် ပူးပေါင်း၍ မိုဘိုင်းလ် ဝန်ဆောင်မှုဖြင့် ကျန်းမာရေး အသိပညာ ပေးမည်


RangonNewsDaily: May . 1 .2014
ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် အော်ရီဒူးနှင့် ပူးပေါင်း၍ မိုဘိုင်းလ် နည်းပညာ အသုံးပြုကာ အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အသိပညာ တိုးတက်စေရေးအတွက် m-moment အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်းကို ချဲ့ထွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PSI မြန်မာက ဈေးကွက်ချဲ့ထွင်ရေး ဒါရိုက်တာ ဒေါက်တာဟန်ဝင်းထက်က The Voice သို့ ပြောကြားသည်။
PSI မြန်မာသည် m-moment အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုတွင် ထည့်သွင်းဖော်ပြမည့် ကျန်းမာရေးဆိုင်ရာ အသိပညာ သတင်းအချက်အလက်များကို သုံးသပ်နေပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေး ဝန်ဆောင်မှု၏ အောင်မြင်ပေါ် မူတည်၍ အခြားသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ချဲ့ထွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“အခုလိုမျိုး မိုဘိုင်းလ် ဝန်ဆောင်မှုကနေ ကျန်းမာရေး အသိပညာပေးတာ ကောင်းပါတယ်။ Samsung လို Device maker ကတောင် Health လို ကျန်းမာရေး ဝန်ဆောင်မှုမျိုးကို ထည့်သုံးလာတာ တွေ့ရတယ်။ တကယ်လုပ်မယ် ဆိုရင်တော့ ပြည်သူတွေအတွက် ထိရောက်မှုရှိဖို့ လိုတယ်” ဟု ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ကိုရဲဝင့်အောင်က ဆိုသည်။


PSI မြန်မာသည် ကျန်းမာရေး အသိပညာပေးခြင်းကို ဆောင်ရွက်ရန်အတွက် ရုပ်သံ၊ ရေဒီယိုတို့ဖြင့် ချိတ်ဆက်ခဲ့ပြီး မကြာမီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုနိုင်တော့မည် ဖြစ်သောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် တယ်လီနောနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း ဒေါက်တာဟန်ဝင်းထက်က ပြောကြားသည်။


“Local Operator နဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပေးတာကို တွဲဖက် လုပ်ကိုင်လိုပေမယ့် အဆင်မပြေမှုတွေ ရှိတယ်။ Hot Line လိုဟာမျိုးကို အလကား ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။


ပညာရေး၊ ကျန်းမာရေး အသိပညာ အားနည်းသည့် ပြည်သူလူထုအတွက် သတင်းအချက်အလက် မှန်ကန်စွာဖြင့် တိကျသော လမ်းညွှန်မှုများဖြင့် ကျန်းမာရေး ပညာပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ဝန်ဆောင်မှုများကို ပေးရာတွင် အခမဲ့ ပေးနိုင်ပါက လူတိုင်း အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် မိုဘိုင်းလ် နည်းပညာ အသုံးပြုမည် ဖြစ်သည့်အတွက် တန်ဖိုးသင့်သော ဖုန်းများ ရောင်းချပေးနိုင်ရန်လည်း မျှော်လင့်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ ရောင်ခြည်သစ် အခမဲ့ဆေးခန်းက တာဝန်ခံ ဒေါက်တာကျော်စွာဦးက အကြံပြု ပြောကြားသည်။


အမေရိကန်ပြည်ထောင်စု အခြေစိုက် PSI သည် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေပြီး PSI မြန်မာသည် ခုခံအားကျဆင်းမှု ကူးစက်သည့်ရောဂါ (HIV/AIDS)၊ တီဘီ၊ ငှက်ဖျား၊ အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် မျိုးဆက်ပွား ကျန်းမာရေးတို့ကို ဆောင်ရွက်နေသော ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment