Pages

Thursday, May 1, 2014

ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း နှုန်းထားအသစ်ဖြင့် စာချုပ်ပြန်ချုပ်မည်


RangonNewsDaily: May . 1 .2014
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ပတ်သက်၍ လွှဲယူ လုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် လျှပ်စစ်ဓာတ်အားခ နှုန်းထားအသစ်ဖြင့် စာချုပ်အသစ် ပြန်ချုပ်ဆိုမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးး ဦးမြင့်အောင်က ပြောကြားသည်။
ဓာတ်အား ဖြန့်ဖြူးရေးအတွက် ဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများစာချုပ် ချုပ်ဆိုရာတွင် ငါးနှစ်သက်တမ်း လုပ်ကိုင်ခွင့်အတွက် တစ်နှစ်တစ်ကြိမ် ချုပ်ဆိုကြကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထား တိုးမြှင့်လိုက်သည့်အတွက် အဆိုပါ နှုန်းထားဖြင့် ညှိနှိုင်းကာ မေလတွင် ပြန်လည် စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့် ကောက်ခံလိုက်သည့် ဓာတ်အားခ နှုန်းထားသစ်များဖြင့် ယခင်ချုပ် ဆိုထားသော နှုန်းထားများအကြား ကုမ္ပဏီနှင့် ညှိနှိုင်းကာ ချုပ်ဆိုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ ဒေါ်အေးအေးမင်းက ပြောကြားသည်။


ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက တစ်ယူနစ်လျှင် ၅၅ ကျပ်ဖြင့် ဝယ်ယူရသဖြင့် မေလတွင် စာချုပ် ချုပ်ဆိုသော်လည်း စာချုပ်တွင် ချုပ်ဆိုသည့် နှုန်းထားကို ဧပြီလ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည် ဖြစ်ကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။


“ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ နှုန်းထားတွေထဲမှာ တစ်ယူနစ် ၃၇ ကျပ်နဲ့ ချုပ်ထားတာရှိတယ်။ တချို့ကုမ္ပဏီတွေက အရှုံးပေါ်နေတဲ့အတွက် နှုန်းထားကို ညှိနှိုင်းပြီး လျှော့ချုပ်တာ ရှိတယ်” ဟု ၎င်းကဆိုသည်။


စာချုပ်အသစ် ချုပ်ဆိုရန်အတွက် ကုမ္ပဏီသို့ တရား ဝင်ညွှန်ကြားမှု တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးကြောင်း မန္တလေးခရိုင်တွင် သုံးမြို့နယ်ခန့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ဆောင်ရွက်နေသည့် ပေါင်းစည်းစွမ်းအား ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးသုတဖေက ပြောကြားသည်။


၁၉၈၈ ခုနှစ်မှစတင်ကာ လျှပ်စစ် ဓာတ်အားခ တိုးမြှင့်မှု ခြောက်ကြိမ်မြောက်တွင် အိမ်သုံးမီတာ တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ ၃၅ ကျပ်၊ ယူနစ်တစ်ရာမှ နှစ်ရာထိ ၄၀ ကျပ်၊ ယူနစ်နှစ်ရာ အထက်ကို ၅၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး၊ စက်မှုသုံးမှာ တစ်ယူနစ်မှ ယူနစ် ၅၀၀ ထိ ၇၅ ကျပ်၊ ယူနစ် ၅၀၀ မှ ယူနစ် တစ်သောင်းထိ ၁၀၀ ကျပ်၊ ယူနစ် တစ်သောင်းမှ ငါးသောင်းထိ ၁၂၅ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။


“ကျွန်တော်တို့ စက်မှုဇုန်ဆိုရင် မီးရဖို့ ရန်ပုံငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် အကုန်ကျ ခံခဲ့ရတာပါ။ ခုပုဂ္ဂလိကကို လွှဲလိုက်တော့ ကျွန်တော်တို့ စက်မှုဇုန်ကရော အကျိုးအမြတ် တစ်စုံတစ်ရာ ခံစားခွင့်ရှိမလား သိချင်တယ်” ဟု စက်မှုဇုန် လုပ်ငန်းရှင် ဦးအောင်မိုးက ဆိုသည်။


ပုဂ္ဂလိက ကုမ္ပဏီများ အနေနှင့် ဓာတ်အားဆုံးရှုံးမှု မရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး အဆိုပါ ဆောင်ရွက်နိုင်မှုအပေါ်တွင် အမြတ်ရရှိခြင်း ဖြစ်ကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ထပ်လောင်း ပြောကြားသည်။


 The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment