Pages

Wednesday, May 14, 2014

မဘသ တရားဝင်ရပ်တည်နိုင်ရန် အထမမြောက်သေး

RangonNewsDaily: May . 14 .2014 
နိုင်ငံတော် သံဃမဟာနာယက(မဟန)အဖွဲ့မှ တစ်ပါး အခြားသော သံဃာအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် မရှိဟူသည့်အချက်ကို ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ပြင်ဆင်နိုင်မည်ဟု သံဃာတော် အချို့ဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က မျှော်လင့်ထားသော်လည်း မေ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ချက်တွင် မပါဝင်ခဲ့ပေ။
၁၉၈၀ ပြည့်နှစ်က ကျင်းပသည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့်အခြေ ခံစည်းမျဉ်းတွင် ပါဝင်သည့် (မဟန) အဖွဲ့မှတစ်ပါး မည်သည့်သံဃာ့အဖွဲ့အစည်းမျှ တရားဝင် ဖွဲ့စည်းခွင့် မရှိစေရဟူသော အချက်ကို ပဉ္စမအကြိမ်တွင် ပြင်ဆင်ပေးမည်ဟု မျှော်လင့် ယုံကြည်ထားသည်ဟု (မဘ သ) ဆရာတော်အချို့က အစည်းအဝေး ပထမနေ့ မေ ၁၁ ရက်တွင် ထုတ်ဖော် မိန့်ကြားကြခြင် ဖြစ်သည်။

“ပြင်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဆွေးနွေးခွင့်ရမယ်ဆိုရင် မဘသ ကိုယ်တော်တွေက ဆရာတော်ကြီး တွေကို ရှင်းလင်းလျှောက်ထားမှာပါ” ဟု မဘသဗဟိုအဖွဲ့ဝင် ဆရာတော် ဒေါက်တာသောပါက က မိန့် သည်။

သို့သော် ကမ္ဘာအေကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူအတွင်း မေ ၁၃ ရက်ထိနှစ်ရက်ကြာ ကျင်းပခဲ့သော ထိုအစည်းအဝေးတွင် သံဃာပေါင်း ၂,၅၅၈ ပါးတက်ရောက်ခဲ့ပြီး သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ၁၈ ချက်ကို ပြင်ဆင်ခဲ့ရာ၌ ယင်းအချက် မပါဝင်ပေ။

အဆိုပါ ၁၈ ချက်တွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ခြောက်နှစ်လျှင် တစ်ကြိမ်ကျင်းပရမည် ဟူ သည့် အချက်ကို အတည်ပြုခဲ့သည့်အတွက် နောက်ခြောက်နှစ်မှသာ မဘသအဖွဲ့ တရားဝင်ဖြစ်ရေးကို ဆွေးနွေးရန် အခွင့်အရေးရတော့မည် ဖြစ်သည်။

“အတည်မပြုသေးပေမယ့် မဘသ တည်ရှိမှုက ဥပဒေကိုချိုးဖောက်ရာ မရောက်ဘူး။ မဆန့်ကျင်ဘူးပေါ့” ဟု မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ သံဃမဟာနာယကအဖွဲ့မှ တစ်ပါး ဖွဲ့စည်းခွင့်မရှိဟူသည့်အချက်ကို ပြင်ဆင်ရန် သီတဂူဆရာတော် အရှင်ဉဏိဿရက လည်း မေ ၁၂ ရက်က သံဃာ့အစည်းအဝေးတွင် မိန့်ကြားခဲ့သေးသည်။

“သံဃနာယကအဖွဲ့မှတစ်ပါး တခြားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ခွင့်မရှိဆိုတာ ဒီထဲမှာ ပါနေတယ်။ အဲ့ဒါ ကြောင့် ဒီအချက်ကို အားလုံးပြင်ဆင်တော်မူကြလိမ့်မယ်လို့ ဘုရားတပည့်တော်တို့ ယုံကြည်ပါတယ်။ ဒီ အချက်ဟာ ပြင်ဆင်ဖို့ အချိန်ရောက်ပါပြီ” ဟု သီတဂူဆရာတော်က မိန့်သည်။

သို့သော် သီးခြားရပ်တည်နေသည့် မည်သည့်သံဃအဖွဲ့အစည်းမဆို (မဟသ) ၏ သြ၀ါဒကို ခံယူဆောင် ရွက်ရေး ဆရာတော်တစ်ပါး၏ အဆိုပြုချက်ကိုမူ ယခုအစည်းဝေးက အတည်ပြုခဲ့သည်။

Mizzima News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment