Pages

Tuesday, May 20, 2014

ကစားသမားဘဝမှ အနားယူပြီးနောက် လက်ထောက်မန်နေဂျာအဖြစ် အောင်မြင်မှုများ ရှာဖွေရန် ဂစ်ရည်ရွယ်


RangonNewsDaily: May . 20 .2014
ဘောလုံးသမား ဘဝမှ အနားယူရန် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် မိမိ၏ အလုပ်အကိုင်သစ်ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက် လက်ထောက်မန်နေဂျာ ဘဝတွင် အောင်မြင်မှုများ ရှာဖွေရန် မျှော်လင့်ထားကြောင်း ရိုင်ယန်ဂစ်က ဖွင့်ဟခဲ့သည်။
ဝေလလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားကြီးသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အစမှ အသက်(၄၀)ပြည့်မြောက်သည်အထိ ယူနိုက်တက် တစ်သင်းတည်းတွင်သာ စွဲစွဲမြဲမြဲ ကစားခဲ့သည်။

ကလပ်အသင်းအတွက် (၉၃၆)ပွဲနှင့် လက်ရွေးစင်အတွက် (၆၄)ပွဲ ကစားပေးခဲ့ခြင်းကြောင့် ဂစ်သည် ပရော်ဖက်ရှင်နယ် ဘဝတွင် ပွဲပေါင်း(၁၀၀၀)မျှ ကစားခဲ့သည့် သဘောလည်း ဖြစ်သည်။ ၎င်းသည် ဆာအဲလက်စ် ဖာဂူဆန်လက်ထက် ယူနိုက်တက်၏ ရွှေခေတ်ဖြတ်သန်းမှုတွင် အထင်ကရ ဆုဖလားပေါင်း (၃၄)လုံးထိ ရရှိခဲ့သည်။

ပရိသတ်များထံသို့ ကလပ်အသင်း ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့ရာ၌ ဂစ်က “မန်ချက်စတာ ယူနိုက်တက်အတွက်တော့ အကောင်းဆုံး နေ့တစ်နေ့ပါပဲ။ လူးဝစ်ဗန်ဂါးလ်ကို မန်နေဂျာအဖြစ် ခန့်အပ်လိုက်တာဟာ အကောင်းဆုံး အခြေအနေ တစ်ခုပါ။


 ပြီးတော့ သူ့လိုမျိုး အင်မတန် ထူးချွန်သူ တစ်ယောက်နဲ့ အလုပ်တွဲလုပ်ရတဲ့အတွက် ကျွန်တော်ဘယ်လောက် ဝမ်းသာမိသလဲဆိုတာ ခင်ဗျားတို့ကို ပြောပြပါရစေ။ သူ့ရဲ့ အရည်အချင်းတွေကြောင့် ဘယ်သူနဲ့ယှဉ်ယှဉ် ဒုတိယနေရာ ရောက်သွားစရာ အကြောင်းမရှိပါဘူး။ သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ လာမယ့်နှစ်တွေမှာ အသင်းဟာ ရှင်သန်နိုးကြားနေလိမ့်မယ်လို့ ကျွန်တော် အကောင်းမြင် ယူဆထားပါတယ်”ဟု ပြောကြားထားသည်။

၎င်းက “အခွင့်အရေးရတုန်း ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ ကျွန်တော် အနားယူပြီ ဆိုတာကို တစ်ခါတည်း ကြေညာပါရစေ။ ပြီးတော့ ကျွန်တော့်ဘဝရဲ့ စိတ်လှုပ်ရှားစရာ မျက်နှာစာသစ်ကို ကူးပြောင်းပါမယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထောက်မန်နေဂျာ အဖြစ်နဲ့ပါ။ 


ကျွန်တော် အရမ်းကို အကြီးအကျယ် ဂုဏ်ယူနေမိပါတယ်။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတစ်ခုအတွက် (၉၆၃)ပွဲထိ ကိုယ်စားပြုခွင့် ရခဲ့တယ်ဆိုတာ ကျွန်တော့်အတွက် ကံကောင်းခဲ့သလို ဂုဏ်ယူစရာလည်း ဖြစ်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်အတွက် ကစားပေးဖို့ဆိုတာ ကျွန်တော့်ရဲ့ အမြဲတမ်း အိပ်မက်ပါ။ 

ကစားသမား တစ်ယောက်အနေနဲ့ ယူနိုက်တက်ရဲ့ ဂျာစီကို ဝတ်ဆင်ဖြစ်တော့မှာ မဟုတ်ကြောင်း တွေးမိတဲ့အခါ ဝမ်းတော့နည်းမိတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား တချို့နဲ့ တွဲကစားဖို့ ကျွန်တော့်ရဲ့ အိပ်မက်ကို လက်တွေ့ဖြည့်ဆည်းနိုင်လောက်အောင် ကျွန်တော် ကံကောင်းခဲ့ပြီးပါပြီ။ 

ဆာအဲလက်စ် ဖာဂူဆန်လို ထည်ဝါကြီးကျယ်လှတဲ့ မန်နေဂျာရဲ့ လက်အောက်မှာ အလုပ်လုပ်ခွင့် ရခဲ့တယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ပရိသတ်တွေအတွက် ကစားခွင့်လည်း ရခဲ့တယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အမြဲတမ်း ကျွန်တော် ထိတွေ့ခံစားမိသလို ကျေးဇူးလည်း တင်နေပါတယ်”ဟုလည်း ဆိုသည်။

၎င်းက “အသင်းရဲ့ နောက်ကွယ်က တာဝန်ရှိ ဝန်ထမ်းတွေနဲ့ နှစ်ပေါင်းများစွာအတွင်း အသင်းကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ စူးစိုက်ပါဝင်မှု၊ အာရုံနှစ်မြှုပ်ထားမှုတွေ မပါဝင်ဘဲနဲ့ ကစားသမားတွေရဲ့ ရှင်သန်နိုးကြားမှုကို ဖန်တီးပေးမယ့် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်မလာနိုင်ပါဘူး ခင်ဗျားတို့ မပါဘဲနဲ့ ကျွန်တော့် ကစားသမားဘဝမှာ ဆုဖလား (၃၄)လုံး ရခဲ့မှာလည်း မဟုတ်ဘူး။ 


ပြီးတော့ ကျွန်တော့်ကို ချစ်မြတ်နိုးတဲ့၊ ထောက်ခံအားပေးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်း အထူးတလည် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီနေ့ဒီအချိန်ဟာ စိတ်ခံစားမှု များစွာနဲ့ ပြည့်နှက်နေတဲ့ မျက်နှာစာသစ် တစ်ခုပါပဲ။ ကြီးကျယ်လှတဲ့ ဂုဏ်ယူမှု၊ ဝမ်းနည်းမှုတွေ ရောပြွမ်းရင်းနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်လှုပ်ရှားမှု အများစုဟာ အနာဂတ်ကို မျှော်ကြည့်နေပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဂစ်က “ယူနိုက်တက်ရဲ့ ပရိသတ်တွေ အနေနဲ့ အသင်းအပေါ် ကျွန်တော်ထားတဲ့ ယုံကြည်ချက်အတိုင်း ဝေမျှခံယူကြမယ်လို့ မျှော်လင့်ပါတယ်။ စီမံရေးရာအဖွဲ့တွေ၊ အသင်းပိုင်ရှင်တွေ အားလုံးဟာ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ ထိပ်တန်းအဆင့် ကလပ်အသင်းတစ်ခုအဖြစ် ပြန်ပြီးရပ်တည်ဖို့ အစွမ်းရှိသလောက် လုပ်ဆောင်နေကြတာပါ။ 


ဒီကြိုးပမ်းမှုရဲ့ ခြေလှမ်းတိုင်းမှာ ကျွန်တော်လည်း ပါဝင်နေဖို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ပရိသတ်တွေရေ၊ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့အတွက် ကျွန်တော် ကစားပေးခွင့်ရတဲ့ မိနစ်တိုင်းကိုရော၊ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံး အသင်းအတွက် ကိုယ်စားပြုခွင့် ရခဲ့တာကိုပါ ကျွန်တော် ချစ်မြတ်နိုးမိပါတယ်”ဟုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြသွားခဲ့သည်။ 

skysport , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment