Pages

Wednesday, April 9, 2014

အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ စတင်


RangonNewsDaily: April . 9 .2014
အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲ မဲပေးတာတွေ ဧပြီ ၉ ရက်နေ့မှာ စတင်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အတိုက်အခံ ပီဒီအိုင်ပီ ပါတီက လွှမ်းမိုးဖွယ်ရှိပါတယ်။ နိုင်ငံအဆင့် နိုင်ငံရေးပါတီ ၁၂ ပါတီက လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၆၀၇ ယောက် ၀င်ပြိုင်ကြပါတယ်။

မွတ်စလင်တွေ အများစုနေထိုင်တဲ့ အာချေးအထူးဒေသ အခြေပြု ဒေသပါတီ ၃ ပါတီလည်း ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။

ဒီ ရွေးကောက်ပွဲဟာ လွှတ်တော်အမတ်နေရာ ၅၆၀ မှာ နေရာရရေးအတွက် ယှဉ်ပြိုင်တာ ဖြစ်ပြီး အမတ်နေရာ ၂၀ ရာခိုင်နှုန်းကို အနိုင်ရမှ၊ ဒါမှမဟုတ် မဲအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို ရရှိမှ နောက်ထပ် ၃ လ အကြာမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းကို အမည်စာရင်း တင်သွင်းခွင့်ရမှာလည်း ဖြစ်ပါတယ်။

မနက် ၇ နာရီ မဲရုံဖွင်ပြီးနောက် ၁ နာရီအကြာမှာ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒိုနဲ့ ဇနီးတို့လည်း ဂျကာတာမှာ လာရောက် မဲပေးကြပါတယ်။

ရေး မော်ဂန် (Roy Morgan) လို့ ခေါ်တဲ့ နိုင်ငံတကာ စစ်တမ်းကောက်ယူရေးအဖွဲ့က အရင် ၁ ပတ်က ထုတ်ပြန်ချက်အရ ဂျိုကိုဝီကို ထောက်ခံသူ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက် နေပါတယ်။

အတိုက်အခံ ပီဒီအိုင်ပီပါတီရဲ့သမ္မတလောင်း ၀ီဒိုဒိုဟာ ကိုယ်ကျင့်တရားကောင်းပြီး ပြည်သူနဲ့ တသားတည်း ရှိတဲ့အတွက် ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားပါတယ်။

မဲပေးအပြီး မီဒီယာတွေကို ပြောကြားရာမှာတော့ ၀ီဒိုဒိုက ရွေးကောက်ပွဲဟာ မျှတမယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

မဲဆန္ဒရှင်တွေကလည်း ကိုယ့်ရဲ့ မဲပေးခွင့်ကို အသုံးချကြဖို့ အသက် ၅၂ နှစ်အရွယ် ဂျကာတာမြို့တော်ဝန်က တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတိုခေတ် လွန်ခဲ့တဲ့ ၁၆ နှစ်တာ ကာလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး သမ္မတ ၄ ဦး တာဝန်ယူခဲ့ပါတယ်။

ရွေးကောက်ပွဲအကြိုစစ်တမ်းတွေအရ ပြည်သူတွေဟာ အကျင့်ပျက်တဲ့ ဗျူရိုကရေစီစနစ်နဲ့ အဂတိလိုက်စားမှုတွေအပေါ် စိတ်ပျက်နေကြပါတယ်။

တိုင်းပြည်ထဲက အကျင့်ပျက်နေတဲ့ အဖွဲ့အစည်းတွေမှာ လွှတ်တော်လည်း အပါအ၀င် ဖြစ်တယ်လို့ အင်ဒိုနီးရှားပြည်သူတွေ အများစုက မြင်ကြပါတယ်။

အခု ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ဆန္ဒကို လေးစားပြီး လာဘ်ပေးလာဘ်ယူ ကင်းစင်တဲ့ နိုင်ငံရေးသမားတွေ ပေါ်ထွက်လာစေချင်တယ်လို့ မဲပေးသူ ၂ ယောက်က ပြောသွားပါတယ်။

ဒီ ရွေးကောက်ပွဲမှာ မဲပေးသူ ၁၈၅ သန်း ရှိပါတယ်။ ၃၀ ရာခိုင်နှုန်းဟာ လူငယ်တွေ ဖြစ်ပြီး ၁၁ ရာခိုင်နှုန်းဟာ ဘ၀မှာ ပထမဆုံးအကြိမ် မဲပေးကြမှာ ဖြစ်ပါတယ်။

DVB , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment