Pages

Saturday, February 22, 2014

မန်ယူနိုက်တက်နှင့် စာချုပ်သက်တမ်းတိုးလိုက်သည့် ဝိန်းရူနီ

RangonNewsDaily: February . 22 .2014
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရူနီဟာ အသင်းမှာ ဆက်ရှိနေဖို့ သက်တမ်းတိုးစာချုပ်သစ် တစ်ရပ် လက်မှတ်ရေးထိုးလိုက်သည်။ စာချုပ်သစ်အရ ဝိန်းရူနီဟာ အသင်းမှာ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဆက်ရှိနေမည် ဖြစ်သည်။ ကစားသမားဘဝမှ အနားယူသည့် အခါမှာည်း မန်ချက်စတာယူနိုက်တက်အသင်းမှာ သံတမန် တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

ဝိန်းရူနီဟာ ၂၀၀၄ ခုနှစ် သြဂုတ်လမှာ အဲဗာတန်အသင်းမှာ ခေါ်ယူခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး မန်ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၄၃၀ ကစားပေးခဲ့ပြီး ၂၀၈ ဂိုး သွင်းယူပေးခဲ့ပြီး ဖြစ်သည်။ မန်ချက်စတာယူနိုက်တက်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူများ စာရင်းမှာ စတုတ္ထနေရာမှာ ရပ်တည်လျက်ရှိသည်။ (ဂျက်ခ် ရော်လေ ၂၁၁ ဂိုး၊ ဒင်းနစ်လော ၂၃၇ ဂိုး၊ ဘော်ဘီ ချာလ်တန် ၂၄၉ ဂိုး)

ဝိန်းရူနီ၏ စာချုပ်သစ်နှင့် ပါတ်သက်ပြီး မန်နေဂျာ ဒေးဗစ်မိုယေးစ်က “ဝိန်းဟာ ၂၀၀၃ ခုနှစ်က ကျနော် အဲဗာတန်အသင်းမှာ စတင်ကစားစေခဲ့တဲ့ အချိန်က စပြီး အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ကျနော် ယူနိုက်တက်မန်နေဂျာ တစ်ယောက် ဖြစ်လာခဲ့တဲ့ နောက်ပိုင်း သူနှင့် တွဲပြီး အလုပ်လုပ်ရတာ ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ 

မယုံကြည်နိုင်လောက်တဲ့ ပါရမီ၊ သူ့ရဲ့ အစွမ်းအစ၊ အောင်မြင်မှုကို ဆာလောင်နေတဲ့စိတ်ဓာတ်၊ အတွေ့အကြုံတွေ တိုးတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ကျနော့်ရဲ့ အနာဂါတ် အစီအစဉ်တွေထဲမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူ လက်ခံလိုက်တဲ့အတွက် ကျနော် အရမ်းကို ကျေနပ်ပီတိဖြစ်ရပါတယ်။” ဟု ပြောကြားခဲ့သည်။

ကစားသမားဖြစ်သူ ဝိန်းရူနီကလည်း “နွေရာသီတုန်းကတော့ ထင်ကြေးတွေ အများကြီး ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒေးဗစ် မိုယေးစ် အသင်းကို ရောက်လာတဲ့အချိန်မှာ ကျနော် ကျေနပ်မှုတွေ ရခဲ့ပါတယ်။ ကျနော်နှင့် သူ့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပြီး ကျနော့်အပေါ် သူ့ရဲ့ ယုံကြည်မှုတွေကို ရရှိခဲ့ပါတယ်။ ဆွေးနွေးမှုက အချိန်အကြာကြီးယူခဲ့ရပါတယ်။ အခုတော့ ကျနော် လက်မှတ်ထိုးနိုင်ပြီ ဖြစ်တဲ့တွက် ကျနော် ဝမ်းမြောက် ပျော်ရွှင်ရပါတယ်။”

“ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးဆိုတဲ့ အသင်းတွေထဲက တစ်သင်းမှာ ကျနော် ကစားနေရတာပါ။ အခြေအနေတွေကို အဆုံးသတ်လိုက်နိုင်တဲ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ အခုဆိုရင် ကျနော် ဘောလုံးကစားတာကို အပြည့်အဝ အာရုံနှစ် လုပ်နိုင်တော့မှာပါ။”

“ကျနော် ၁၈ နှစ်သားကတည်းက ဒီကို ရောက်လာခဲ့ပြီး စာချုပ်သစ်အရ အသက် ၃၀ အရွယ်ကို ဒီမှာ ဖြတ်သန်းရတော့မှာပါ။ ကျနော်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး ဒီမှာ ဖြတ်သန်းခဲ့ရတယ်လို့ ပြောရမှာပါပဲ။ ကျနော်ရဲ့ ကစားသမားဘဝ တစ်ခုလုံးနီးပါး ဒီမှာပဲ ကစားခဲ့ရတာပါ။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဒီထက် ပိုကောင်းအောင် ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့်မီ ကစားသမားများကို ခေါ်ယူဖို့ ခက်ခဲနေပြီဟု သုံးသပ်နေကြသည့်အပေါ်မှာလည်း ဝိန်းရူနီက “ဒါ ကျနော် အကြီးအကျယ် စိုးရိမ်ပူပန်မိတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အသင်းရဲ့ ဦးတည်ချက်ကို ကျနော် သိနေလို့ပါ။ တကယ်လို့ ဒီနှစ် ကျနော်တို့ မစွမ်းဆောင်နိုင်ဘူးဆိုရင်တောင် လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာတစ်နေရာတွက် တောင့်တင်းစွာနဲ့ ပြန်လည် ရယူနိုင်မှာပါ။”

“မန်ချက်စတာယူနိုက်တက်သင်းရဲ့ အနာဂါတ်ဟာ တောက်ပနေပါတယ်။ ကမ္ဘာ့ထိန်းတန်း အသင်းတွေထဲက တစ်သင်းပါ။ မာတာလို ကစားသမားတစ်ယောက် ခေါ်ယူနိုင်ခဲ့တယ်ဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ လူတွေ ပြောနေကြတာကတော့ ကျနော်တို့ အသင်းအနေနှင့် ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပြီလို့ ပြောနေခဲ့ကြတာပါ။ ကျနော် အမြင်ကတော့ မာတာ ဒီကို ရောက်လာတာဟာ သူတို့ ပြောနေကြတာ အမှန်တရား တစ်ခု မဟုတ်ဘူးဆိုတာ ပြသလိုက်သလိုပါပဲ။”

“ဒါဟာ အသင်းရဲ့ ခေတ်သစ်တစ်ခုပါ။ စီမံခန့်ခွဲမှု အပိုင်းမှာလည်း လူသစ်တွေနဲ့ပါ။ ပြီးတော့ ဒေးဗစ် မိုယေးစ် ဆိုတဲ့ ဂရိတ် မန်နေဂျာသစ်တစ်ယောက်လည်း ရှိနေပါတယ်။ အပြောင်းအလဲအရ အချိန်အနည်းငယ် လိုအပ်ပါလိမ့်မယ်။ ကျနော်တို့ရဲ့ နောက်ပိုင်း ရလာဒ်တွေ ညံ့နေခဲ့ပေမယ့် ကျနော်တို့မှာ အကောင်းဆုံး ကစားသမားတစ်ချို့ ရှိနေပါတယ်။ 

အားလုံးဟာ စုစုစည်းစည်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေဆဲပါ။ ကျနော်တို့ ဆက်လက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားသွားကြမှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ထိုက်တန်တဲ့ ထိပ်ဆုံး နေရာတစ်ခုကို ပြန်လည် ရယူသွားမှာပါ။” ဟု ပြောကြားသွားခဲ့သည်။ 

footballcafe , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment