Pages

Thursday, February 6, 2014

ဒါရိုက်တာမောင်ဝဏ္ဏ၏ ခြေဖဝါးတော်နုနု ဇာတ်ကား ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသမည်

RangonNewsDaily: February . 6 .2014
၁၉၇၂ ခုနှစ်က ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူး တင်ဆက်ခဲ့သည့် ခြေဖဝါးတော်နုနု ဇာတ်ကားကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် “Tender are the Feet” အမည်ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြသသွားမည် ဖြစ်ကြောင်း Yangon Film Services မှ ထုတ်လုပ်မှု မန်နေဂျာ ဒေါ်နှင်းအိလှိုင်က The Voice သို့ပြောကြားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ပြသရန်အတွက် ဂျာမနီနိုင်ငံ အခြေစိုက် ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Goethe Institute က စီစဉ်ပေးခြင်းဖြစ်ပြီး ယင်းဇာတ်ကားကို Digital Version သို့ပြောင်း၍ အင်္ဂလိပ်၊ ဂျာမန် ဘာသာစကား နှစ်မျိုးဖြင့် စာတန်းထိုး တင်ဆက် ပြသသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ခြေဖဝါးတော်နုနု ရုပ်ရှင်ကားကို ၁၉၇၂ ခုနှစ်က ဒါရိုက်တာ မောင်ဝဏ္ဏက ရိုက်ကူးတင်ဆက်ခဲ့ခြင်း ဖြစ်ပြီး အဓိကသရုပ်ဆောင်များ အဖြစ် မင်းသားဇော်လွင်၊ မင်းသမီး ရှုမဝစန်းစန်းအေး တို့က ပါဝင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဇာတ်ကား၏ ဇာတ်အိမ်သည် ကဗျာဆန်ဆန် အချစ်ဇာတ်လမ်းနှင့် ဆိုရှယ်လစ် အစိုးရလက်ထက် ဇာတ်သဘင်လောကနှင့် ဇာတ်သဘင်လောကသား များ၏ ဘဝကို ထင်ဟပ်စေသော ဇာတ်အိမ် ဖြစ်သောကြောင့် ရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ရုပ်ရှင်ရွေးချယ်ရေး အဖွဲ့က ဆိုသည်။
ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Berlinale) သည် ၁၉၅၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ရုပ်ရှင်ပွဲတော်ကြီး တစ်ခုဖြစ်သည်။

ယင်းပွဲတော်တွင် နှစ်စဉ် ကမ္ဘာ့အနှံ့မှ ရုပ်ရှင် ဇာတ်ကား ၄၀၀ ကျော်ကို ပြသလေ့ရှိပြီး လာရောက် ကြည့်ရှုသည့် ပရိသတ် ငါးသိန်းကျော်ရှိကြောင်း Berlinale ပွဲတော် ကျင်းပရေးကော်မတီက တရားဝင် ထုတ်ပြန်ထားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment