Pages

Tuesday, January 28, 2014

မြိတ်မြို့ တစ်ဖက်ကမ်းရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ၀န်ထမ်းများ အိမ်ယာ ပေါ့ဆ မီးလောင် နေအိမ် (၈၅) လုံး ဆုံးရှုံး


RangonNewsDaily:: January . 28 .2014
မြိတ်ခရိုင် ကျွန်းစုမြို့နယ် အပိုင် မြိတ်မြို့ တစ်ဖက်ကမ်း ပထော် ပထက်ကျွန်းပေါ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံအနီး အလုပ်သမား လုံးချင်း အိမ်ယာ တွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်နေ့ ည (၁၀)နာရီ (၄၀) မိနစ် အချိန်ခန့်၌ ပေါ့ဆမီး လောင်ကျွမ်းရာ နေအိမ် (၈၅)လုံး ဆုံးရှုံးပြီး အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၄၀၀) ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဆင်မယဉ်သာ လုံးချင်း ၀န်ထမ်းအိမ်ယာ အိမ်အမှတ် (၆၈)နေ ဦးစည်သူ (ဘ) ဦးကျော်ငွေ ၆/ကစန(နိုင်) ၀၉၅၀၃၄ ၏ နေအိမ် အနောက်ဖက် မီးဖိုခန်းမှ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲပြီး ၀ါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းပြီးနောက် အလျား ၁၂ပေ၊ အနံ (၁၅) ပေရှိ ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုး လုံးချင်း ၀န်ထမ်းနေအိမ် (၈၅)လုံး ကူးစက် လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် တန်ဖိုး (၇၃)သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်၊ မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းတို့မှ အနီးကပ်ကြီးကြပ်၍ မြိတ်မြို့ပေါ်ရှိ သန္ဓေနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ ပြည်သူလူထုများ စုစုပေါင်း အင်အား တစ်ထောင်ကျော်၊ ရေသယ်ယာဉ်များ ၊ မီးသတ်စက်များဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၁၁)နာရီ (၅၀) မိနစ်အချိန်ခန့်တွင် မီးလုံးဝ ငြိမ်းသွားကြောင်း သိရသည်။

မီးဘေးသင့်သူ အိမ်ထောင်စုဝင်များအား ပထက်ကျေးရွာ အထက (ကျောင်း)နှင့် ဆင်မယဉ်သာ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားပြီး မြိတ်အများပိုင် ကုမ္ပဏီမှ ဆန်အိတ် (၁၀၀)အိတ်၊ စားဆီ (၁၀၀)ပုံး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ဆန်အိတ် (၂၀)၊ မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဆန်အိတ် (၁၀)အိတ် လှူဒါန်း ခဲ့ပြီး အခြား အလှူရှင်များမှလည်း အ၀တ်အထည်၊ စားစရာများအား လှူဒါန်း လျက်ရှိကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးစည်သူအား ကျွန်းစုမြို့နယ် မြို့မရဲစခန်းမှ (ပ) ၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ   , kolatt(PBDN)
RangonNewsDaily
 

 

 

 

 
 
 

0 comments:

Post a Comment

 
world time