Pages

Thursday, November 28, 2013

ဧည့်လမ်းညွှန်အသင်းကို ရွှေစားပွဲ စားသောက်ဆိုင် တောင်းပန်

RangonNewsDaily:: November . 28 .2013
အချက်အပြုတ်နှင့် ဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်နေပြီး စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ မလိခလမ်းတွင် ဖွင့်လှစ်ထားသည့် Golden Table စားသောက်ဆိုင် သင်တန်းကြီးကြပ်သူ ပြင်သစ်နိုင်ငံသားနှင့် စားသောက်ဆိုင် လက်ထောက်မန်နေဂျာ ဖြစ်သူတို့က နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းသို့ လာရောက် တောင်းပန်ခဲ့ကြောင်း အဆိုပါအသင်း၏ ယင်းနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧည့်လမ်းညွှန် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အပေါ် အဆိုပါ စားသောက်ဆိုင်မှ ပြင်သစ်လူမျိုး နိုင်ငံခြားသားက နိုဝင်ဘာလ ၂၂ ရက်နေ့က ဣနြေ္ဒမဲ့အောင် အော်ဟစ် ငေါက်ငမ်း ရိုင်းပျစွာ ဆက်ဆံခဲ့မူအတွက် အဆိုပါ နိုင်ငံခြားသားနှင့် စားသောက်ဆိုင်ကို အရေးယူ ဆောင်ရွက်ပေးရန် ကာယကံရှင် ဧည့်လမ်းညွှန်များက တိုင်ကြားခဲ့မှုအပေါ် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းက ဖြေရှင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အားလုံးကို ရည်ညွှန်း စော်ကားသည့် မည်သည့် အသုံးအနှုန်းကိုမျှ လက်မခံကြောင်း၊ စားသောက်ဆိုင်တွင်းသို့ ဧည့်လမ်းညွှန်များ လုပ်ငန်း သဘောသဘာဝအရ ဝင်ရောက်ခြင်းကို မည်သည့် အကြောင်းနှင့်မျှ တားဆီး ပိတ်ပင်ခြင်း မပြုရန်၊ မြန်မာနိုင်ငံသား အမျိုးသမီးများ၏ သိက္ခာနှင့် အခွင့်အရေးကို လေးစားရန်၊ နောက်နောင် ဧည့်လမ်းညွှန်များကို အဆင်ပြေ ချောမွေ့စွာ ဆက်ဆံရန်၊ ခရီးသွားလုပ်ငန်း Industry အတွင်းမှ Stakeholders များအချင်းချင်း နှစ်ဦးနှစ်ဖက် လေးစားမှုဖြင့် ရိုင်းပင်းပူးပေါင်း လုပ်ဆောင်သွားကြရန် အသင်းအတွင်းရေးမှူး ဦးကိုကိုလတ်၊ အသင်းဗဟိုအလုပ် အမှုဆောင် ပြင်သစ်ဘာသာစကား ဧည့်လမ်းညွှန် ဒေါ်နှင်းခင်နှင့် အသင်းပြန်ကြားရေး ကော်မတီ တာဝန်ခံ ဦးထွန်းမြတ်တို့က ထည့်သွင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံသားက မိမိ၏ မှားယွင်းမှု၊ အဆင်မပြေမှု ဖြစ်စဉ်တို့ အတွက် တောင်းပန်ပါကြောင်းနှင့် ဧည့်လမ်းညွှန်များကို မိမိတို့ စားသောက်ဆိုင်သို့ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ထိုသို့ ဖော်ပြသည့် စာကိုလည်း အသင်းသို့ တရားဝင် ပေးပို့သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်။

ဆိုင်သို့ မြန်မာနိုင်ငံသားများနှင့် ဧည့်လမ်းညွန်များ လာရောက် စားသောက်သည်မှာ ယခင်ကတည်းက ဖြစ်ကြောင်း၊ ယခုကိစ္စအပေါ် မြန်မာနိုင်ငံ ဧည့်လမ်းညွန်များ အသင်းက တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရန် တောင်းဆို ထားသောကြောင့် တွေ့ဆုံ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရွှေစားပွဲ စားသောက်ဆိုင် တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၂၅ ရက်နေ့က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံသား ဧည့်လမ်းညွှန်တွေအပေါ် နှိမ့်ချဆက်ဆံတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ မလုပ်ခဲ့ပါဘူး။ နားလည်မှု လွဲသွားတာပါ” ဟု ၎င်းကဆိုသည်။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ရန်ကုန်မြို့ တော်ဝင်လမ်းရှိ နာမည်ကြီး ဟိုတယ်တစ်ခုက ဧည့်လမ်းညွှန်များကို ဟိုတယ် ဧည့်ကြိုခန်း အတွင်း ပေးမဝင်သဖြင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းက ဖြေရှင်းပေးခဲ့ဖူးသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment