Pages

Thursday, November 28, 2013

တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်

Photo: တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်
Thursday, November 28, 2013

ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း တရားစွဲခံထားရသည့် လုပ်သားတစ်ဦး ဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

လုပ်သားများကိုခွဲခြားဆက်ဆံခြင်း ကိစ္စနှင့် အလုပ်ပြောင်းရွှေ့မှုများ မပြုလုပ်ရန်ကိစ္စ အပါအဝင် အလုပ်သမား အခွင့်အရေးများ အတွက် တော်ဝင်မိသားစု ကုမ္ပဏီ အလုပ်ရှင် ဦးကိုကိုထွေးနှင့် တိုက်ရိုက် တွေ့ဆုံရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က လုပ်သား ၄၀၀ ခန့် လာရောက်ခဲ့ ကြောင်း၊ ယင်းအနက် ဦးဆောင်သူ ခုနစ်ဦးကို စမ်းချောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်း တရားစွဲ ခံထားရသည့် လုပ်သားများထံမှ သိရှိရသည်။

ဦးကိုကိုထွေးနှင့် တွေ့ဆုံရန် လုပ်သားများ ကားဖြင့် လာရောက်ခြင်း ဖြစ်သော်လည်း တော်ဝင်မြန်မာ ကုမ္ပဏီရှိသည့် စမ်းချောင်းမြို့နယ် ဦးဝီစာရလမ်းသို့ ကားဝင်၍ မရသဖြင့် ဟံသာဝတီ အဝိုင်းအနီးမှ စတင်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်ပြီး တရားမဝင် စီတန်းလှည့်လည်ခဲ့ခြင်း မဟုတ်ကြောင်း ဦးနေလင်းဦးက ဆိုသည်။
“ကျွန်တော်တို့က မတရားခံရတာ။ တကယ်လို့ ထောင်ကျသွားရင်တောင် အယူခံ ဝင်သွားမှာပါ” ဟု ဦးနေလင်းဦးက ပြောကြားသည်။

တရားစွဲဆို ခံထားရသူ ခုနစ်ဦးတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်။ အဆိုပါ ကုမ္ပဏီသို့ လာရောက်၍ အလုပ်သမား အခွင့်အရေး တောင်းဆိုရန် တစ်စုံတစ်ရာ ခွင့်ပြုချက် ယူခဲ့ခြင်း မရှိခဲ့သဖြင့် ယင်းသို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

တော်ဝင်မြန်မာ သစ်အချောထည် လုပ်သားများကို ပုဒ်မ ၁၈ ဖြင့် အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တရားရုံးတို့ကလည်း လုပ်သားတစ်ဦးလျှင် ဒဏ်ငွေ တစ်သောင်းစီ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း ပြစ်ဒဏ်ချခံခဲ့ရသည့် လုပ်သားများထံမှ သိရှိရသည်။

တောင်ဝင် သစ်အချောထည် လုပ်သား ၂၀၀ ကျော်သည် လုပ်သားများ သဘောမပါဘဲ အပြင်အလုပ်သို့ မပြောင်းရွှေ့ရန်၊ စည်းကမ်းများ ထုတ်ရာတွင် တစ်ဖက်သက် မလုပ်ရန်၊ ဆန္ဒပြကာလကို On Duty သတ်မှတ်ပြီး လုပ်ခပေးရန်၊ အလုပ်ရှင်လုပ်သား သဘောတူစာချုပ် ချုပ်ဆိုရန်၊ လူမှုဖူလုံရေးကတ် ပေးရန် အချက်ငါးချက် ရရှိရေးအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ On Duty မှအပ ကျန်အချက်များကို လိုက်လျောရန် ခုံသမာဓိ ကောင်စီက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နှစ်လကျော် အကြာ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

သို့သော်လည်း ယင်းဆုံးဖြတ်ချက်ကို အလုပ်ရှင်က လိုက်နာခြင်း မရှိဟုဆိုကာ အလုပ်ရှင်နှင့် လုပ်သားများ ရိုက်နှက်မှု ဖြစ်ပွားသည့်အထိ ပဋိပက္ခ ပြင်းထန်ခဲ့ပြီး လုပ်သားအချို့မှာ ပိုက်နက် ကျူးလွန်မှု အပါအဝင် အမူပေါင်း လေးခုဖြင့် ရွှေပြည်သာ မြို့နယ်တွင်လည်း တရားစွဲဆို ခံထားရသည်။

The Voice Weekly

RangonNewsDaily:: November . 28 .2013

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment