Pages

Wednesday, October 23, 2013

တရားရုံးများတွင် နိုင်ငံပိုင်သိမ်းထားသည့်ယာဉ်များ လေလံတင်ရောင်းမည်၊ သုံးမရသည့် ယာဉ်များကို သံရည်ကျိုမည်

RangonNewsDaily:: October. 23 .2013
အမှုအခင်းများကြောင့် နိုင်ငံတ၀န်းရှိ တရားရုံးများတွင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ဈေးပြိုင်စနစ်ဖြင့် ပြည်သူများသို့ လေလံတင် ရောင်းချသွားမည် ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဒေါက်တာခင်စန်းရီက ပြော ဆိုလိုက်သည်။ တရားရုံးများတွင် နိုင်ငံပိုင်အဖြစ် သိမ်းထားသည့် ယာဉ်များကို ဈေးပြိုင်စနစ်ဖြင့် အမြန်ဆုံး ရောင်းချပေး နိုင်ခြင်း ရှိ၊ မရှိကို မန္တလေးတိုင်း၊ သာစည်မြို့နယ်မှ လွှတ်တော်အမတ် ဦးသန်းစိုး၏ မေးမြန်းမှုအပေါ် အောက်တိုဘာ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒု-၀န်ကြီးက ယင်းကဲ့သို့ ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ရောင်းချရန် ပြည်ထောင်စု တရားလွှတ်တော်ရုံးမှ သက်သေခံမော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်နှင့် ယာဉ်ပိုပစ္စည်းများ စီမံခန့်ခွဲရေးအဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖွဲ့စည်းထားပြီ ဖြစ်သည်ဟုလည်း ဒု-၀န်ကြီးက ပြောသည်။

၎င်းက “လေလံတင် ထုခွဲရောင်းချနိုင်သည့် အခြေအနေဖြစ်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး မှတစ်ဆင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းနှင့် စစ် ဆေးရေးဦးစီးဌာနသို့ ကြမ်းခင်းဈေးသတ်မှတ်ပြီး ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားရမှာ ဖြစ်ပါ တယ်”ဟု ဆိုသည်။

ယင်းအပြင် သိမ်းဆည်းထားသည့်ယာဉ်များတွင် ပြုပြင်သုံးစွဲ၍မရတော့သည့် ယာဉ်များဖြစ်ပါက သံရည် ကြို ဖျက်ဆီးရန် သက်ဆိုင်ရာ တရားရုံးများက ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရမည်ဟု လည်း ဒု-၀န်ကြီးက ထပ်မံပြောသည်။

“နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ခွင့်ပြုချက်တောင်းခံပြီးတော့ သက်ဆိုင်ရာ တရားရုံးများမှ ကာကွယ်ရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟုလည်း သူက ပြောသည်။

လွှတ်တော်အမတ် ဦးသန်းစိုးက ၎င်း၏မဲဆန္ဒနယ်ဖြစ်သော သာစည်မြို့နယ်တရားရုံးတွင် သိမ်းထား သည့်ယာဉ်များမှာ အမိုးအကာအောက်တွင် ထားရှိခြင်းမရှိသည့်အတွက် ယာဉ်များမှာ ပျက်စီးလျက်ရှိနေ သည်ဟုလည်း လွှတ်တော်တွင် ထည့်ပြောသွားသည်။

တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် ယာဉ်အစီးပေါင်း မည်မျှကို နိုင်ငံပိုင်အဖြစ် သိမ်းထားသည်နှင့် လေလံ တင်ရောင်းချမည့်အချိန်ကို သတ်မှတ်ထားခြင်းမရှိသေးဘဲ အလျင်အမြန် ဆောင်ရွက်သွားမည်ဟုသာ ဒု-၀န်ကြီးက ပြောသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment