Pages

Thursday, September 12, 2013

ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ မြစ်ကမ်းနံဘေးနေအိမ် များ ပြောင်းရွှေ့

RangonNewsDaily:: September 12, 2013

ဒုဋ္ဌဝတီမြစ်ရေချိန်သည် စိုးရိမ်ရေမှတ်သို့ ကျော်လွန် ရောက်ရှိနေသည့် အတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ် မြစ်ကမ်းနံဘေးရှိ ကျေးရွာနေအိမ်များ ပြောင်းရွှေ့နေထိုင်ခဲ့ ရကြောင်း မြစ်ငယ်မြို့ ညောင်နီပင်ကျေးရွာတွင် နေထိုင်သူ ကျောင်းအုပ် ဆရာကြီး ဦးမောင်မြင့်က ပြောကြားသည်။ ပုသိမ်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၀ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဒုဋ္ဌဝတီ မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာသဖြင့် မြစ်ကမ်းနံဘေး ရှိ ရွှေစာရံကျေးရွာမှ အိမ်ခြေ၁၄အိမ်၊ အိမ်ထောင်စု ၁၄စု၊ လူဦးရေ ၇၆ ဦးတို့ကို ရွှေစာရံဓမ္မာရုံများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ရွှေ့ပြောင်းပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမရပူရမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က ကဘဲ့ကျေးရွာတွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေး တွင် ဆောက်လုပ်နေထိုင်သည့် အလျား ၁၀ ပေ၊ အနံခြောက်ပေခန့်ရှိသော သက်ကယ်မိုး၊ ထရံကာ တစ်ဖက်ရပ်မြေစိုက်တဲ အိမ်တစ်လုံး ပြိုကျခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

“မြစ်ရေတက်ချိန်ဆိုတော့ ကမ်းပါးနားမှာရှိတဲ့ ရှောက်သံပရာခင်းတွေ၊ အင်းစပါး အခင်းတွေကတော့ အဓိကပျက်တယ်။

အခင်းပိုင်ရှင်တွေ အပျက်အစီးများတယ်။ အထူးသဖြင့် ညောင်နီပင်ကျေးရွာ၊ နတ်ရေကန် ကျေးရွာတွေ ရေဝင်တယ်။ မနှစ်ကထက် ရေပိုများတယ်၊ အထက်မှာက မိုးများတယ်၊ မနှစ်ကဆိုရင် တာပေါက် တံတားပေါ် ကို ရေကျော်တာ နှစ်ပေလောက်ပဲရှိတာ။ ဒီနှစ်တော့ လေးပေလောက်တော့ ရှိတယ်။ မနှစ်က လုပ်ထုံးလုပ်နည်းတွေအတိုင်း လှည်း၊ နွား၊ ဆိုင်ကယ်၊ ကားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးရတယ်။ ညောင်ပင်စောက်ရွာကိုဒီနေ့ရေဝင်တယ်” ဟု ကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်က ထပ်မံပြောကြားသည်။

ဒုဋ္ဌဝတီမြစ်ရေသည် စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ စိုးရိမ်ရေမှတ် ၇၈၀ သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း မြစ်ရေချိန်မှာ ၉၄၃ စင်တီမီတာ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ဇော်ဂျီမြစ်ရေတိုးမှုကြောင့်လည်း စဥ့်ကိုင်မြို့နယ် ကုန်းမြင့်နေရာများ သို့ ပြောင်းရွှေ့ထားကာ အဲဗျကျေးရွာအုပ်စု ကျွန်းဦးကျေးရွာတွင် အိမ်ခြေ ၅၅ အိမ်တွင် ရေနှစ်ပေခန့် ဝင်ရောက်လာသဖြင့် လူများ နှင့်ကျွဲ၊ နွား တိရစ္ဆာန်များကို အနီးဝန်းကျင်ရှိ ကုန်းမြင့်များပေါ်သို့ ပြောင်းရွှေ့ထားရပြီး စဥ့်ကိုင်မြို့နယ်ရှိ မိုးကောင်းကျေးရွာ အုပ်စုတွင် အိမ်ခြေသုံးလုံး၊ အိမ်ထောင်စုငါးစု တို့ကို ဇော်ဂျီကျေးရွာ ရွာလယ်ခန်းမတွင် ပြောင်းရွှေ့နေ ထိုင် ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်၊ ဝါးရုံးကုန်း ကျေးရွာနှင့် သီးကုန်းကျေးရွာအကြား သပိတ်ကျင်း-ဗန်းမော် ကားလမ်းမကြီးပေါ်ရှိ အလျား၃၀ပေ၊ အနံ ၁၃ ပေရှိ ဗျိုင်းသာ ယာယီလမ်းလွှဲတံတားမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာသဖြင့် ချဉ်း ကပ်လမ်း၏ မြေသားများရေ တိုက်စား၍ ချဉ်းကပ်လမ်း ပျက်စီးသွားခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

The voice::--, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment