Pages

Saturday, July 13, 2013

အစ္စလာမ် ဥပုသ်လအတွင်း ထိုင်းအစိုးရနှင့် မွတ်ဆလင် သူပုန်တို့ အပစ်အခတ် ရပ်စဲ

Saturday, 13 July 2013

မွတ်ဆလင် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဘာသာရေးကာလ ရာမာဒန်အတွင်း ထိုင်း အစိုးရနှင့် မွတ်ဆလင် သူပုန်များ အပစ်အခတ် ရပ်စဲရန်အတွက် မလေးရှားတွင် အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းကြရာမှ သဘောတူညီမှု ရရှိသွားကြောင်း Bangkok Post သတင်း တစ်ရပ်က ဖော်ပြ ထားသည်။

မလေးရှားနိုင်ငံတွင် စတုတ္ထ အကြိမ်မြောက်အထိ တွေ့ဆုံ ညှိနှိုင်းကြပြီးနောက် ထိုင်း အစိုးရနှင့် အစ္စလာမ္မစ် သူပုန်များ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားခဲ့လေရာ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းကလည်း ယင်းသတင်းအတွက် ကြိုဆိုကြောင်း ထုတ်ပြန် ခဲ့သည်။

“နှစ်ဖက်စလုံးက လူ့အသက်တွေကို ကယ်တင်ဖို့ ရာမာဒန် စိတ်ထားနဲ့အညီ သဘောတူညီမှုကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုးသားမှု၊ စိတ်ကောင်းစေတနာ ရှိမှုနဲ့ အပြန်အလှန် ယုံကြည်မှုတို့ကို ပြသနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်” ဟု ကြားဝင် စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးနေသော ထိုင်း ငြိမ်းချမ်းရေး ပူးတွဲ လုပ်ဆောင်မှုလုပ်ငန်း အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစ္စလာမ္မစ် လက်နက်ကိုင် သူပုန် Barisan Revolusi Nasional (BRN) က တောင်းဆိုချက် ငါးချက်ကို တောင်းထားပြီး ၎င်းတို့မှာ မလေးရှား က ဆွေးနွေးပွဲများကို ကြားဝင် ဆောင်ရွက်ပေးရန်၊ နိုင်ငံရေး အကျဉ်းသား များကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ BRN လက်နက်ကိုင်အဖွဲ့ကို ပတ္တာနီပြည် နယ် လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့အဖြစ် အသိအမှတ်ပြုရန်၊ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ တွင် ASEAN အဖွဲ့ဝင်များကို ပါဝင်စေရန်၊ OIC နှင့် အခြား NGO များကို လေ့လာသူအဖြစ် တက်ရောက်စေရန် အစရှိသည်တို့ ဖြစ်သည်။

ထိုင်း အမျိုးသား လုံခြုံရေးကောင်စီက အကြမ်းဖက်မှုများ ဖြစ်နေသော ထိုင်းတောင်ပိုင်း လုံခြုံရေးနှင့် ပတ်သက်ပြီး အစီအစဉ် ပြန်လည် သုံးသပ်ရန်အတွက် အစီအစဉ် မရှိပါကြောင်း ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီး ဖြစ်သော်လည်း ဇူလိုင်လ ၁၁ ရက်နေ့ က ပညာရေး ဝန်ထမ်းများကို လုံခြုံရေး ပေးနေသော စစ်သား ရှစ်ဦးကို လမ်းဘေးဗုံးဖြင့် ခွဲ၍ တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာများ ရရှိသွားကြသည်။

“ဘယ်အဖွဲ့အစည်းက ဒီတိုက်ခိုက်မှုရဲ့နောက်ကနေ ဆောင်ရွက်နေတယ် ဆိုတာကို အာဏာပိုင်တွေ က စုံစမ်းနေပါတယ်” ဟု ဗိုလ်ချုပ် ပရာဒွန်က ဆိုထားသည်။

ယခင် BRN လက်နက်ကိုင်က ဥပုသ်လအတွင်း ထိုင်းစစ်တပ်များ လုံးဝ ပြန်ဆုတ်သွားပေးရေးကို တောင်းဆိုခဲ့ရာ အစိုးရက ငြင်းပယ်ချခဲ့ပြီး စစ်ဆေးရေး ဂိတ်များကို ရှိမြဲအတိုင်း ဆက်ရှိစေမည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

သို့သော် ဘာသာရေး အခါကြီး ရက်ကြီး ကာလများအတွင်း ဝင်ရောက်စီးနင်း ရှာဖွေခြင်း စစ်ဆင်ရေး များကို လျှော့သွားမည် ဖြစ်ကြောင်းကိုတော့ ထိုင်း အစိုးရက လိုက်လျောပေးခဲ့သည်။

ထိုင်းတောင်ပိုင်းရှိ ပြည်သူများဘဝ တည်ငြိမ် အေးချမ်းပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဝင်ရောက် ကူညီရန် အဆင်သင့် ရှိပါကြောင်း OIC အဖွဲ့ အတွင်းရေးမှူးက သဘောထား ထုတ်ပြန်ထားသည်။

The Voice Weekly , RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment