Pages

Sunday, July 28, 2013

မြောက်ကိုရီးယား၏ အကြီးမားဆုံး စစ်ရေးပြပွဲပြုလုပ်


RangonNewsDaily:: July 28, 2013

ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းစေခဲ့သော အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုသည့် နှစ် (၆၀) မြောက်အထိမ်းအမှတ်အဖြစ် အကြီးမားဆုံး စစ်ရေးပြ အခမ်းအနားတစ်ရပ်ကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်နေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

စစ်ရေးပြ အခမ်းအနားကြီးတစ်ရပ်ကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်နေပြီး တာဝေးပစ် ဒုံးကျည်များ၊ စက်ယန္တရားကြီးများ၊ တိုက်လေယာဉ်များနှင့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ချီတက်ကြသည်။

အဆိုပါစစ်ရေးပြ အခမ်းအနားမှာ မိမိတို့နိုင်ငံ၏ အကြီးမားဆုံး စစ်ရေးပြ အခမ်းအနား ဖြစ်ကြောင်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားနိုင်ငံက တရားဝင် ထုတ်ပြန်ထားသည်။

ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ စစ်ဘက်အရာရှိကြီးများ ခြံရံထားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် စင်မြင့်ပေါ်သို့ တက်ရောက်လာသည့်အခါ ကင်ဂျုံအန်ကို အသက်ပေး ကာကွယ်ကြဟု တပ်ဖွဲ့ဝင်များက ဟစ်ကြွေးခဲ့သည်။

“အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကြာ ကျူးကျော်စစ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်” ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကိုရီးယားစစ်ပွဲကို ရည်ညွှန်းပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအတွက် ငြိမ်းချမ်းရေးမှာ အလွန်အရေးကြီးသော်လည်း စစ်ပြိုင်တိုက်ခိုက်ရေးအတွက် အသင့်ပြင်ထားမည်ဟု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာသော မြောက်ကိုရီးယား တပ်မတော်၏ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီး ချိုယောင်ဟေးက ပြောကြားသည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ဒုတိယသမ္မတ လီယွန်ချောက်လည်း စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

၁၉၅၀-၅၃ ခုနှစ်၌ ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအတွင်း မြောက်ကိုရီးယား ကွန်မြူနစ်များဘက်မှ တရုတ်ကွန်မြူနစ် တပ်ဖွဲ့ဝင် ၁၃ သိန်း ဝင်ရောက် တိုက်ခိုက်ပေးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကို အမေရိကန် တပ်ဖွဲ့ဝင်သုံးသိန်းနှင့် ကုလသမဂ္ဂတပ်ဖွဲ့များက အကူအညီ ပေးခဲ့သည်။

ကိုရီးယားစစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့်သာ ရပ်ဆိုင်းထားခြင်းကြောင့် တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံမှာ စစ်ပွဲဖြစ်ပွားနေဆဲ အခြေအနေတွင် ရှိနေသေးကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် စမ်းသပ်မှုများကြောင့် တောင်-မြောက်နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး စစ်ရေးပြ အခမ်းအနား ပေါ်ထွက်လာခြင်း ဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment