Pages

Sunday, July 28, 2013

မန္တလေးကုန်စည်ဒိုင် နိုင်ငံခြားသားဧည့်အဝင် အကန့်အသတ်မရှိပိတ်

RangonNewsDaily:: July 28, 2013

မျိုးစောင့်ဥပဒေ ရေးဆွဲမှုတွင် ဦးဆောင်ပါဝင်သည့် ဦးဝီရသူ တရားပွဲ၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအရ မန္တလေး ကုန်စည်ဒိုင်တွင် နိုင်ငံခြားသားဧည့်သည် အပါအဝင် ပြင်ပဧည့်သည်ဝင်ခွင့်ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ အကန့်အသတ်မရှိ ပိတ်ထားကြောင်း အဆိုပါ ကုန်စည်ဒိုင် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးကိုးလုံး ပေါက်ကွဲမှုကြောင့် မြန်မာသံဃာတစ်ပါး အပါအဝင် ငါးဦးဒဏ်ရာရရှိပြီး နောက်ပိုင်း မန္တလေးကုန်စည်ဒိုင်၏ နိုင်ငံခြားသား ဧည့်နှင့် ပြင်ပဧည့်ဝင်ခွင့်ကို ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ပိတ်ထားခဲ့ကာ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီက ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဇူလိုင်လ ၂၁ ရက်နေ့ညတွင် ဦးဝီရသူတရားပွဲ၌ ဗုံးပေါက်ကွဲခဲ့သဖြင့် ထိုနေ့ (ဇူလိုင်လ ၂၃ ရက်) နံနက် ၁၀ နာရီတွင် ရက်အကန့်အသတ်မရှိ ဧည့်ဝင်ခွင့် ထပ်မံပိတ်လိုက်ကြောင်း အဆိုပါကုန်စည်ဒိုင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ယခုကဲ့သို့ ကုန်စည်ဒိုင်တွင် ဧည့်ဝင်ခွင့် ပိတ်ခြင်းမှာ ပြီးခဲ့သည့် ငါးနှစ်ကျော်ကာလမှ ယခုနှစ်အထိ တတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံခြားသား ဧည့်ဝင်ခွင့် ပိတ်ထားသော်လည်း နိုင်ငံခြားသား ဧည့်သည်များ၏ ကိုယ်စားလှယ်များနှင့် အသင်းသားများကိုမူ ဝင်ထွက်ခွင့် ပေးထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“ကုန်စည်ဒိုင်က ပိတ်လေ့ပိတ်ထတော့ မရှိပါဘူး။ လွန်ခဲ့တဲ့ငါးနှစ်ကျော် ခြောက်နှစ်အတွင်း နှစ်ခါလားပဲ ပိတ်ဖူးသေးတယ်။ ဒါနဲ့ဆို သုံးခါမြောက်ပေါ့။ အရင်ကတည်းက ကုန်စည်ဒိုင်မှာ ဘယ်လို ပြဿနာမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကုန်စည်ဒိုင် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပြင်ပဧည့်အဝင်ကို ပိတ်လိုက်တာပါ။ နိုင်ငံခြားသားဧည့်ရော၊ နိုင်ငံသားဧည့်ရော ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး” ဟု မန္တလေးကုန်စည်ဒိုင်မှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးမောင်ဌေးက ဆိုသည်။

မန္တလေးကုန်စည်ဒိုင်တွင် အသင်းသား နှစ်ထောင်ခန့်နှင့် ကိုယ်စားလှယ် ၁၇၀၀ ဦးရှိပြီး နေ့စဉ်ပျမ်းမျှ လူဦးရေ ၈၀၀ ခန့် လာရောက် အရောင်းအဝယ် ပြုလုပ်ကြကာ နိုင်ငံခြားသားဧည့်သည်မှာ နှစ်ဦး၊ သုံးဦးခန့် ရှိကြောင်း အဆိုပါ ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

“၂၃ ရက်နေ့က ပြန်ဖွင့်မယ်လို့ ကြေညာထားလို့ ပြန်ဖွင့်ခဲ့ပေမယ့် တရားပွဲမှာ ဗုံးပေါက်လိုက်တော့ အဲဒီနေ့မနက်မှာပဲ ပြန်ပိတ်လိုက်တယ်။ ပြန်ဖွင့်တဲ့အချိန်ကစပြီး ဒီနေ့အထိ ပြင်ပဧည့်အဝင် ပိတ်ထားတယ်။ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ ရက်အကန့်အသတ်မရှိ ဧည့်ဝင်ခွင့် ပိတ်ထားဦးမယ်။ ပြင်ပဧည့်အဝင် ပိတ်ထားပေမယ့် ဈေးကွက်ကို သက်ရောက်မှု မရှိဘူး။ ပြင်ပဧည့်သည်က ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် လုပ်ခွင့်မရှိဘူး” ဟု မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေး အဖွဲ့မှူး ဦးကျော်သွင်က ဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆လမ်း၊ ၈၄x၈၅ လမ်းကြား၊ ဆရာတော်ဦးဝီရသူ တရားပွဲအနီးရှိ အေးမေတ္တာဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာအဖြူရောင် ယာဉ်အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦး၊ ကိုရင်တစ်ပါးတို့ ဒဏ်ရာ ရရှိခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment