Pages

Sunday, July 28, 2013

ဗိုလ်ချုပ်လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်ရန် ကြေညာချက်ထုတ်ပြန်

RangonNewsDaily:: July 28, 2013

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်ရန် ကြေညာချက်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ထုတ်ပြန်လိုက်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက The Voice သို့ ပြောကြားသည်။

ရေနံချောင်းမြို့တွင် နှစ်ပေါင်း ၈၀ ကျော်ကြာ ထိန်းသိမ်းထားသော ဗိုလ်ချုပ် အောင်ဆန်းလက်ရေးမူကို တိကျစွာ ပြောဆိုခြင်းမရှိဘဲ ယူဆောင်သွားခြင်းကို လုံးဝလက်မခံဘဲ မြို့သူမြို့သားများက သမိုင်းအမွေအနှစ်အဖြစ် တန်ဖိုးထားသော အဆိုပါစာအုပ်ကို အမြန်ဆုံး ပြန်လည်ပေးအပ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို နိုင်ငံတော်အဆင့် ထိန်းသိမ်းမည်ဆိုလျှင် အခြားပျောက်ကွယ်နေသော ဗိုလ်ချုပ်ပုံရိပ်များကို ပြန်လည် ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း အဆိုပါ ထုတ်ပြန်ချက်ကို ကိုးကားကာ ဦးမြင့်ငွေက ပြောကြားသည်။

“ဗိုလ်ချုပ်ရဲ့သမိုင်းကို ထိန်းသိမ်းချင်ရင် ဗိုလ်ချုပ်ပိုက်ဆံကို ဘာလို့သိမ်းလိုက်သလဲ။ ကျောင်းတွေမှာ ဗိုလ်ချုပ်ပုံတွေကို ဘာလို့ မချိတ်တော့သလဲ” ဟု ၎င်းကဆိုသည်။

ယင်းကော်မတီ နာယကဖြစ်သူ ရေနံချောင်းမြို့ မဟာဓမ္မိကရာမစမ္ပာယ်ရုံ ကျောင်းတိုက်ဆရာတော် ဦး ဝါသဝက “ပြန်လည် ညှိနှိုင်းစေချင်တယ်။ ဗိုလ်ချုပ် ဂုဏ်မငယ်အောင် ခမ်းခမ်းနားနား အထိမ်းအမှတ်လေး လုပ်ပြီးမှ စာအုပ်ကို သယ်သင့်တာ” ဟု မိန့်ကြားသည်။

ကော်မတီတွင် အဖွဲ့ဝင်၂၁ ဦးပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမှု ပြန်လည်ရရှိရေး ကော်မတီကို နာယကအဖြစ် ရေနံချောင်းမြို့မှ သံဃာတော်ခုနစ်ပါး ထားရှိကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗဟိုကျောင်းသားများသမဂ္ဂ၊ ကုန်သည်ကြီးများအသင်းနှင့် ရေနံချောင်း မြို့မိမြိုဖများ ပူးပေါင်းကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို ရေနံချောင်းမြို့ အထက (၁)
တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းကျောင်းအုပ် ဆရာမကြီးထံမှ လာရောက်ယူဆောင်သွားခြင်း ဖြစ်သည်။

ဟိန်းသွင်ထက်
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment