Pages

Tuesday, July 16, 2013

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ဦးဘရန်ရှောင်အမှု ၁၀ ကြိမ်မြောက် ရုံးချိန်း

16.7.2013

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့ တရားရုံးတွင် သမီးသေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး ပေးပါရန် နိုင်ငံတော်သမ္မတနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြခဲ့သည့် ဖခင်ဦးဘရန်ရှောင်သည် ဇူလိုင် ၁၅ ရက်တွင် ၁၀ ကြိမ်မြောက် တရားရင်ဆိုင် ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ စစ်ဆေးမှုနှင့် ပတ်သက်၍ ရှေ့နေဖြစ်သူ ဒေါ်ရွက်လှအောင်က ''စုံစမ်းရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဗျူဟာမှူး ဦးဇော်မင်းကို တရားလိုပြ စစ်ဆေးပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အနေနဲ့ ဒီလိုတရားစွဲဆိုရတဲ့ အကြောင်းရင်းတွေကို မသိဘူး ဖြစ်နေတယ်။ 
တရားလို ကိုယ်တိုင်လည်း ဘယ်လို အကြောင်းအချက်တွေကို ဘာကြောင့်စွဲတယ်ဆိုတာ သေသေချာချာ မသိဘူး ဖြစ်နေတယ်။ အထက်ကအမိန့်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားလို့ တရားစွဲရတာ ဖြစ်နေတယ်။ တိုင်ကြားရတဲ့ အကြောင်းအရင်း ထဲမှာလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတဲ့အတွက် တရားစွဲရတာ ဖြစ်နေတယ်။ 
အမှန်တကယ် မှားတယ်၊ မှန်တယ် ဆိုတာကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက် သက်သက်ပဲ ဖြစ်နေတယ်'' ဟု ရှေ့နေဖြစ်သူ ဒေါ်ရွက်လှအောင်က Daily Eleven သတင်းစာသို့ ဇူလိုင် ၁၅ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။
 ''ဒီအမှုဟာ တစ်ဖက်သတ် မတရားသလို ဖြစ်နေတယ်။ ဒီနေ့လည်း တရားလိုပြ သက်သေထဲမှာ မပါတဲ့ နောက်ထပ် အသစ်နှစ်ယောက်ကို တိုးလျှောက်တယ်။ ကျွန်မတို့က ကန့်ကွက်တယ်။ ဒါပေမဲ့ ရုံးက လက်ခံခဲ့တယ်။ တရားလိုပြစစ်ဖို့ အခုတိုးလာတဲ့ နှစ်ယောက်ရယ်၊ ဆရာဝန်ရယ် ကျန်သေးတယ်'' ဟု ရှေ့နေက ဆက်ပြောသည်။

၎င်းအမှု စစ်ဆေးရာသို့ လိုက်ပါခဲ့သူ တစ်ဦးက ''စစ်ဆေးခံတဲ့ ဗိုလ်မှူးတွေက ၀တ်စုံနဲ့ လက်နက်တွေ ပါလာတယ်။ မလိုအပ်တဲ့ အဖော်တွေလည်း ပါလာတယ်။ သာမန်ကြည့်မယ် ဆိုရင်တော့ မသင့်ဘူးလို့ဘဲ ယူဆပါတယ်'' ဟု ဆိုသည်။

ဦးဘရန်ရှောင်သည် ၎င်းသမီး သေဆုံးမှုနှင့် ပတ်သက်ပြီး မိမိ၏ သမီးသေဆုံးမှုမှာ တပ်မတော်မှ ပစ်လိုက်သော ကျည်ဆန်ဒဏ်ရာကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး ကော်မရှင်၊ စစ်ဗျူဟာရုံးများ၊ ၀န်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတအထိ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

ယင်းအပေါ် ဖားကန့်ဒေသ ဗျူဟာကုန်းမှ ဗိုလ်မှူးတစ်ဦးက ပုဒ်မ ၂၁၁ ဖြင့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ပြီး တရားစွဲဆိုခဲ့ရာ ယခုအခါ နှစ်ဝက်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 16.7.2013

0 comments:

Post a Comment